ချင်းရွှေဟော် ဇွန် ၂၈
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန် က ချင်းရွှေဟော်မြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ အခြေခံစားသောက်ကုန်များ ရောင်းချသည့် ကုန်စုံဆိုင်ဈေးသည် အမျိုးသား (၁၉)ဦး၊ အမျိုးသမီး(၃၇)ဦး စုစုပေါင်း (၅၆)ဦးတို့အား ကိုဗစ် -၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် ဓါတ်ခွဲနမူနာ Swab များရယူခြင်းကို အဆိုပါရပ်ကွက် ဈေးတန်းလမ်းထိပ်၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာသီဟနှင့် ကော်မတီအဖွဲ့ဝင်များ၊ သန္တိသုခလူမှုကူညီရေး အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကာ ချင်းရွှေဟော်မြို့၊ အမှတ်(၂)ရပ်ကွက် အတွင်းရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချသည့် ကုန်စုံဆိုင်ဈေးသည် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန် စာရင်းဇယားအချက်အလက်များ သေချာစွာ ကောက်ယူ၍ ဓါတ်ခွဲနမူနာ အာခေါင်တို့ဖတ် Swab များရယူခဲ့ကြောင်း သိရသည်။
၎င်းတို့၏ ဓါတ်ခွဲနမူနာ Swab များအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါပိုး ရှိ/ မရှိ ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီထံမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)