ရွာငံမြို့၌ ပန်းခင်းစီမံချက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ ကျင်းပ

ရွာငံ ဇွန် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရွာငံမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ဗထူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကား ပြောကြားရာ ပြည်သူများကို သူတို့၏ နိုင်ငံသားဖြစ်မှုအရည်အချင်းအပေါ်မူတည်ပြီး နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ စသဖြင့် ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးဆောင်ရွက်ရာ လွယ်ကူလျှင်မြန်စေရန် ဥပဒေနှင့်အညီ တက်နိုင်သမျှ ဖြေလျှော့ပြီး ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိသည့် မြန်မာနိုင်ငံသားများသည် နိုင်ငံသား အခွင့်အရေးကို အပြည့်အဝ ရရှိခံစားနိုင်မည် ဖြစ်ပြီး နိုင်ငံသားတစ်ယောက်၏ တာဝန်နှင့် နိုင်ငံအပေါ် သစ္စာစောင့်သိရန် စသည်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ၊ တောင်ကြီးခရိုင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ပန်းခင်းစီမံချက်ဖြင့်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တာဝန်ရှိသူများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပေးအပ်ရာ မြင်းကျဒိုး၊ ကျောက္ကူလေး၊ ဆင်ခေါင်း၊ ဆတ်ခြံ၊ ကျောက်ပုံ ကျေးရွာများနှင့် အထက၊ အလကကျောင်းများမှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ ပန်းခင်းစီမံချက်ကို ရွာငံမြို့နယ်၌ မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ပေးအပ်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း(၃၆၆)ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၂၀)စုကို ပေးအပ်ခဲ့ပြီး ကျန်ရှိနေသည့် ရပ်ကွက်နှင့်ကျေးရွာများသို့ စီမံချက်ကာလအတွင်း အပြီးကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ရွာငံ)