ရန်ကုန် ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ(၂၈)ဦးကို Swab နမူနာယူ စစ်ဆေးရာ (၇)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှု ဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်း၊ တွဲလက်လူမှုကူညီရေး အသင်းနှင့် စိန်ရတနာနာရေးကူညီမှုအသင်းများရှိ တာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်း က အင်းစိန်မြို့နယ်၊ ဈေးကုန်းအရှေ့ရပ်ကွက်၊ ကမ်းနားအလယ်ရပ်ကွက်နှင့် နံ့သာကုန်းရပ်ကွက် များအတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၂၈)ဦးကို သွားရောက် ခေါ်ဆောင်ကာ အင်းစိန်(GTI) Quarantine Center (၃) တွင် Swab နမူနာယူ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး (၇)ဦး တွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသည့်သူများကို နေ့အိမ်တွင် Home Quarantine ထားရှိမည်ဖြစ်ရာ ဒုတိယအကြိမ် Swab ယူ ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့်(၇)ဦးအား တာဝန်ရှိသူများက အင်းတိုင် ကုတင် (၁၀၀) ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာသို့ ပို့ဆောင်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို