ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား RDT Testkit ဖြင့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးရာ ရောဂါပိုးမတွေ့

ကျိုင်းတုံ  ဇွန်  ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား ယနေ့က ကျိုင်းတုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ RDT Testkit ဖြင့် ဒုတိယအကြိမ် စစ်ဆေးဆောင်ရွက်ရာ ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။

ထိုသို့  RDT Testkit ဖြင့် စစ်ဆေးခဲ့သည့် ကျိုင်းတုံမြို့မှ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ် ၂ ဦး တို့သည်  ဇွန် ၂၅ ရက်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပထမအကြိမ် စစ်ဆေးရာ ရောဂါပိုး မတွေ့ရှိ၍ အသွားအလာကန့်သတ်ထားရှိပြီး ယနေ့နံနက်ပိုင်းတွင် ဒုတိယအကြိမ် ထပ်မံစစ်ဆေးရာ ရောဂါပိုး မတွေ့ရှိခြင်းဖြစ်သည်။

အဆိုပါ အတည်ပြုလူနာများဖြစ်သည့် ဟိုပန်မြို့မှ  အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် တစ်ဦးတို့သည် ကျိုင်းတုံမြို့တွင် ယခုလ ၁၂ ရက်မှ ၁၉ ရက်အထိ  လာရောက် တည်းခိုနေထိုင်ခဲ့ပြီး ဟိုပန်မြို့သို့ ပြန်လည်ရောက်ရှိစဉ် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သဖြင့်   ၎င်းတို့ ကျိုင်းတုံ၌ တည်းခိုသည့်နေရာမှ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ် ၂ ဦးအား ဇွန် ၂၅ ရက်နှင့် ၂၈ ရက်တွင်  RDT Testkit ဖြင့် နှစ်ကြိမ်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်