မိုင်းရယ်မြို့ မြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

မိုင်းရယ်   ဇွန်   ၂၈

လားရှိုးခရိုင်၊ မိုင်းရယ်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ဟိတဓရလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ မြို့မဈေးကြီးနှင့် ရပ်ကွက်များအတွင်း ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့ မြို့မဈေးကြီးအတွင်းရှိ ဆိုင်ခန်းများ၊ ဈေးလျှောက်လမ်းများကို စနစ်တကျပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပိုးသတ်ဆေးဖျန်းသည့် အဖွဲ့သည် မြို့လယ်ဘုရားပတ်လမ်း၊ မြို့တွင်း ရပ်ကွက်များရှိ ဈေးဆိုင်များကို ပိုးသတ်ဆေးဖျန်းခဲ့ကြောင်း သိရသည်။

မိုင်းရယ်မြို့တွင် ကိုဗစ်-၁၉ (Positive) လူနာစတင်တွေ့ရှိပြီးနောက် လူတိုင်း Mask တပ်ဆင်ရေးလှုပ်ရှားမှုများ၊ Quarantine Center ထားရှိခြင်းနှင့် မြို့တွင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်ထားရှိ၍ မြို့အဝင်အထွက်စစ်ဆေးခြင်းတို့ကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ဦးစီးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းရယ် ပြန်/ဆက်