မိုးမိတ် ဇွန် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၈ နာရီအချိန်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကူးစက်လူနာများထားရှိနိုင်ရေးအတွက် နေရာထပ်မံ ပြင်ဆင်ခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အခြေခံပညာ ကျောင်းများ၊ မြန်မာ့စီးပွားရေးဘဏ်နှင့်ဌာနဆိုင်ရုံးများ၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့နေအိမ်များကို ပိုးသတ်ဆေးဖြန်းခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်း စသည့်လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မိမိတို့နေအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက Mask ကိုစနစ်တကျတပ်ဆင်ရန်၊ မကြာခဏလက်ဆေးရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ ကိုယ်ပူခြင်း၊ အနံပျောက်ခြင်း၊ စသည့် ထူးခြားမှုများရှိပါက ကျန်းမာရေးဌာနသို့ လာရောက်ပြသကြရန် စသည့်အချက်များကိုလည်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီမှ အသိပေး နှိုးဆော်ထားကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)