သုံးခွ ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေး ဗီနိုင်း ပိုစတာများကို ယမန်နေ့ နံနက် ၁၀ နာရီက သုံးခွမြို့ အထွက်၊ မြို့မဈေးအနီးနှင့် အမှတ ၉ ရပ်ကွက်၊ ကားကြီးဝင်းတို့တွင် စိုက်ထူခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ဗီနိုင်းပိုစတာများထဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ခရီးသွားပြည်သူများ လာရောက်ပါက အများပြည်သူအကျိုးကို ရှေးရှု၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုယ်အပူချိန်တိုင်းတာခြင်း လုပ်ငန်း လမ်းညွှန်အတိုင်း ဆောင်ရွက်ပြီး အပူရှိန်မြင့်တက်ပါကလည်းကောင်း၊ သံသယ လက္ခဏာများ တွေ့ရှိပါကလည်းကောင်း၊ လက်ချောင်းထိပ်တွင် သွေးအောက်ဆီဂျင် (So 02) တိုင်းတာခြင်းများ ဆောင်ရွက်ပြီး So 02(၉၂%) ရှိသော ခရီးသွားပြည်သူများအား ခတ္တနာနေ စေ၍ ပြန်လည်တိုင်းတာရန်နှင့် ပြန်လည်တိုင်းတာရာတွင် သွေးတွင်းအောက်ဆီဂျင် ၉၂%နှင့် အောက်ရှိပါက RDT ဖြင့် စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး ဆေးစစ်ကုန်ကျစရိတ် သတ်မှတ် နှုန်းထားကို ကာယကံရှင်မှ ပေးဆောင်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးစစ်ဆေးခြင်းအား ရန်ကုန်တိုင်းဒေသကြီး မြို့အ၀င်/မြို့အထွက် ဂိတ်များတွင် စစ်ဆေးပေးမည်ဖြစ်ကြောင်း စသည်ဖြင့် အသိပေးခြင်းများ ပါရှိကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုး၊ မြို့နယ်ကျန်းမာရေးဌာမှူး ဒေါက် တာဇော်ဝင်းသန်း၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးခိုင်ကြည်သာလှနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ရောဂါနှင့် ပက်သက် ၍ ပြည်သူများ သိရှိလိုက်နာနိုင်ရန် အသိပေးဗီနိုင်းပိုစတာများအား သုံးခွမြို့အထွက်၊ မြို့မဈေးအနီးနှင့် အမှတ် ၉ ရပ်ကွက်၊ ကားကြီးဝင်းတို့တွင် စိုက်ထူခဲ့ကြကြောင်း သိရှိရသည်။ ထို့ပြင် ခရီးသွားလာနေပြည်သူများနှင့် ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်းများ ဝေငှ တပ်ဆင်ပေးခြင်း၊ အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သုံးခွမြို့နယ်တွင် (Community Base Facility Quarantine Center) အဖြစ် မဟာစည် သာသနာ့ရိပ်သာ၌ (၄၈)ဦးဆံ့နှင့် အမှတ် (၂)ရပ်ကွက်ရှိ မိုးကုတ်ဝိပဿနာရိပ်သာ တွင်(၆၀)ဦးဆံ့ စုစုပေါင်း(၁၀၈)ဦးထားရှိရန် နေရာများပြန်လည်စီစဉ်ထားရှိကြောင်း သိရှိရ သည်။ အဆိုပါရိပ်သာနှစ်ခုတွင် ကိုဗစ်-၁၉ ရာဂါပိုးရှိသူနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ရောဂါ ဖြစ်ပွားရာနေရာဒေသများမှ ပြန်လာသူများအား ထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတွေ့ရှိပါကလည်း ထားရှိရန် မြို့နယ်ပြည်သူ့ဆေးရုံတွင် သီးသန့်အဆောင်နေရာတစ်ခု စီစဉ်ထားကြောင်း သိရှိရသည်။