မောက်မယ် ဇွန် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် မိုးရာသီ စပါးမျိုးစေ့ပိုးမွှားရောဂါကင်းစင်ပြီး စပါးအထွက်ကောင်းစေရန် ရည်ရွယ်ပြီး တောင်သူများအား စိုက်ပျိုးရေးအသိပညာပေး မြေ၊ မျိုး၊ ပိုး ဆိုင်ရာပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီ က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် နှင့် လင်းခေးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန်း က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိုက်ပျိုးရေးအသိပညာပေး မြေ၊ မျိုး၊ ပိုး ဆိုင်ရာပညာပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ မျိုးကောင်းမျိုးသန့်အကြောင်း၊ မျိုးစေ့ဆားရည်စိမ်ခြင်းနှင့် မျိုးစေ့ထုတ်လုပ်ခြင်းအကြောင်း သိကောင်းစရာများစသည့် မျိုးစေ့စံချိန်စံညွှန်းနှင့်အညီ စိုက်စနစ် မှန်ကန်စေရေးအတွက် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများအား စိုက်ပျိုးရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းမှတောင်သူများ (၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ နံနက်ပိုင်းတစ်ချိန်နှင့် ညနေပိုင်းတစ်ချိန် ညနေ(၄)နာရီအထိ ပေါင်းစပ်ညှိနှိုင်း အသိပညာ ဗဟုသုတ များ သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)