ရိခေါ်ဒါရ် ဇွန် ၂၈
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးခြင်းကို ဇွန် ၂၈ ရက်၌ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၅ ဦးထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်သူ ရပ်ကွက်နေပြည်သူ (၅၄)ဦးတို့အား စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ၎င်းတို့အနက်(၁၅)ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အဆိုပါရောဂါပိုးတွေ့ရှိသူ(၁၅)ဦးတို့အား ၎င်းတို့၏နေအိမ်အသီးသီး၌ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိခဲ့ရာ ဆေးကုသမှု ခံယူလျက်ရှိပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေ စစ်ဆေးခြင်းကို ဇွန်လ (၇)ရက်နေ့မှ ယနေ့အထိ ရောဂါစစ်ဆေးမှုခံယူသူ (၁၄၁၁)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ (၂၁၂)ဦး တွေ့ရှိ၍ ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်လာ၍ အသွားအလာ ကန့်သတ်ခြင်း ဖြေလျှော့/ဆေးရုံမှဆင်းခွင့်ရရှိသူ (၁၁၈)ဦး၊ ရောဂါဖြင့်သေဆုံးသူ(၂)ဦးရှိရာ၊ လက်ရှိတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိပြီး အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိသူ (၉၂)ဦးရှိကြောင်း သိရသည်။
ပက်ကာ (ရိရေကန်)