တံတားဦး ဇွန် ၂၈
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည် ။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက အမျိုးသမီးကော်မတီ၏ လုပ်ငန်းတာဝန်များမှ ဆောင်ရွက်သွားမည့်အစီအစဉ် များကို ဆွေးနွေးပြောကြားပြီး မြို့နယ်အမျိုးသမီးကော်မတီ အတွင်းရေးမှူး မန္တလေးတိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်က “ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လုပ်ငန်းကြီး(၇)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများ စောင့်ရှောက်ရေး လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း ၊ အသက်(၁၂)နှစ်အထက် အတန်းပညာ သင်ကြားခွင့်မရရှိသော မိဘမဲ့အမျိုးသမီးများနှင့် အသက်(၁၈)နှစ်အထက် ခိုကိုးရာမဲ့ လူမှုရေး အခက်အခဲရှိပြီး အကူအညီလိုအပ်နေသော အမျိုးသမီးအတွက် အသက်မွေး ဝမ်းကျောင်းအတတ်ပညာများကိုလည်း သင်ကြားပေးလျက်ရှိကြောင်း ၊ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးအတွက် သင်တန်းကျောင်းကို ရန်ကုန်နှင့် မန္တလေးတို့တွင် ဖွင့်လှစ်ထားပါကြောင်း” အမျိုးသမီးကော်မတီကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်း ပြောကြားခဲ့သည် ။
ဆက်လက်ပြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ကော်မတီဝင်များက လုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ ၊ ရှေ့ဆက် လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား အကြံပြုဝိုင်းဝန်းဆွေးနွေးကြရာ မြို့နယ်အမျိုး သမီးကော်မတီ ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည် ။
ရဲတင့်(တံတားဦး)