နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၂)ဦး ထပ်မံတွေ့ရှိ

နမ္မတူ  ဇွန် ၂၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ နမ္မတူရပ်ကွက်၊ နယ်မြေ (၃)တွင် နေထိုင်သော အမျိုးသမီး(၂)ဦးတွင် ယမန်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၂)ဦးမှာ အသက် (၃၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် (၂၄)နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး ဇွန်လ (၂၇)ရက်နေ့ နံနက်ပိုင်းတွင် အနံမရရှိသဖြင့် နမ္မတူမြို့နယ်၊ ပြည်သူကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတွင် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမျိုးသမီး(၂)ဦးအား နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ကာ သီးသန့်ထားရှိ ကုသပေးလျက်ရှိပြီး ပိုးတွေ့လူနာ(၂)ဦးလုံးမှာ ယခုအချိန်ထိ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

နမ္မတူမြို့နယ်၊ နမ္မတူရပ်ကွက်၊ နယ်မြေ (၃)ရှိ အသက်(၂၄)နှစ်အရွယ် ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမျိုးသမီး(၁)ဦးမှာ ဇွန်လ(၁၆)ရက်နေ့မှ (၁၇)ရက်နေ့အထိ (ICRC) သင်တန်းတက်ရောက်ခဲ့သဖြင့် သင်တန်းတက်ရောက်သူ (၃၀)ဦးနှင့် ၎င်းဈေးဝယ်ယူခဲ့သော ဈေးဆိုင် (၂)ဆိုင်ရှိ ဆက်စပ်ထိတွေ့ခဲ့သူ (၉)ဦးအား (Home Quarantine) ထားရှိထားကြောင်း နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

နမ္မတူမြို့နယ်တွင် ယခုအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၅)ဦးရှိပြီဖြစ်ပြီး ပိုးတွေ့လူနာအားလုံး ယခုအချိန်ထိ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း၊ ဇွန်လ (၁၆)ရက်နေ့တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သော ဆရာမ (၃)ဦးအား ဆေးရုံဆင်းခွင့်ပြုကာ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းသီးသန့်ဆောင်တွင် စောင့်ကြည့်ထားရှိဆောင်ရွက်ထားကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

လူမော် (ပြန်/ဆက်)