လင်းခေး ဇွန် ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ် ဝမ်တိန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာနန္ဒ သက်တော် (၆၅)၊ ဝါတော် (၄၅)၏ အန္တိမအဂ္ဂိဈာပန မီးသင်္ဂြိုလ်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဈာပနသင်္ဂြိုလ်ပွဲမတိုင်မီ ဆရာတော်ရုပ်ကလပ်စံကျောင်းတော်တွင် ဆရာတော် ပျံလွန်သည့်နေ့ရက်မှ စတင်ကာ ရှမ်းဓမ္မတရားတော် ရွတ်ဖတ်ပူဇော်ပေးခြင်းကို စတင် ကျင်းပပေးလျက်ရှိရာ ရပ်နီးရပ်ဝေးဓမ္မမိတ်ဆွေများက လာရောက်ဖူးမျှော်ကန်တော့ခဲ့ကြပြီး ယမန်နေ့က ဈာပနပို့ဆောင်ခြင်းကိုပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ဆရာတော်သည် သက်တော် (၆၅)၊ ဝါတော်(၄၅)နှစ်အကြာတွင် (၁၃-၆-၂၀၂၁)ရက်နေ့က (၉၆)ပါးသော ဝေဒနာဖြင့် ဘဝတစ်ပါးသို့ ပျံလွန်သွားခဲ့ခြင်းဖြစ်ပြီး ဈာပနအခမ်းအနားသို့ နိုင်ငံတော်သံဃာ့နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့နာယကဥက္ကဋ္ဌ (အနန္ဒာဗုဒ္ဓကောလိပ်) လွိုင်လင်မြို့ ဓာတ်တော်ကျောင်းဆရာတော် ပညာနန္ဒ၊ တောင်ကြီးမြို့မှ ဆရာတော် ဝိမလဖိပါလ (ပရိယတ္တိသဒ္ဓမပါလဓမ္မာစရိယ(B.A/M.A) သီရိလင်္ကာနှင့် နမ့်စန်မြို့မှ သုခိတာရုံ ကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော် မြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်အာလောက တို့က အဆိုပါဈာပနပွဲသို့ ကြွရောက်ခဲ့ကြကာ ဓမ္မတရားများ ဟောကြားပေးခဲ့ကြသည်။
ဈာပနပို့ဆောင်ခြင်းသို့ ဖော်ပြပါဆရာတော်ကြီးများ၊ မြို့နယ်အတွင်းရှိ ကျောင်းအသီးသီးမှ ဆရာတော်သံဃာတော်များနှင့် သာမဏေများ၊ စစ်ဗျူဟာမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဝမ်ဟတ်တိုက်နယ်အတွင်းရှိ ဒေသခံပြည်သူလူထုများ၊ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များ၊ ရပ်နီးရပ်ဝေးမှ စေတနာအလှူရှင်များ၊ ဆရာတော်၏ ဇာတိမြေမှ ပြည်သူများနှင့် အခြားဖိတ်ကြားထားသော ရှမ်းပြည်နယ် တောင်ကြီး၊ လွိုင်လင်၊ နမ့်စန်၊ မိုင်းပန်၊ မောက်မယ်၊ ခိုလမ်၊ ကျိုင်းတောင်း၊ ဟိုမိန်းမြို့များမှ စေတနာရှင်အလှူရှင်များ အသီးသီး လာရောက်ကြရာ ဆရာတော်၏ရုပ်ကလပ်အား ယင်းနေ့ ညနေပိုင်း ၇ နာရီက မီးသင်္ဂြိုလ်ခဲ့ပြီး ဈာပနအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)