သာကေတ ဇွန် ၂၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး အတွက် မေလ(၃)ရက်နေ့မှစ၍ ဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့ နံနက်(၁၀)နာရီ၌ စက်မှုလက်မှု ရပ်ကွက်၊ မြမာလာလမ်းရှိ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးရာ၌ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သူရိန်ဇော်၊ အဖွဲ့ဝင်(၂) လဝကဦးစီးအရာရှိ ဦးသန်းဦး၊ အလုပ်သမားညွှန်ကြားရေး ဦးစီးအရာရှိ ဦးအောင်သူထွန်းနှင့် စက်မှုဇုန်စီမံခန့်ခွဲမှုအတွင်းရေးမှူး ဦးထွန်းထွန်းဝင်းတို့မှ ကြီးကြပ်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ခဲ့သော စက်မှုလက်မှု ရပ်ကွက်စက်ရုံ၊ အလုပ်ရုံ(၁၃)ရုံမှ အသက်(၁၈)နှစ် ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေး သော (၇၀)ဦးတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ပြီး သာကေတမြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၁၉)ရပ်ကွက်အတွင်းရှိ အသက်(၁၈)နှစ် ပြည့်သူ (၁၁၃၄၃)ဦး၊ အသက်(၁၆)နှင့် (၁၈)နှစ်ကြား (၃၀၃၃)ဦး စုစုပေါင်း (၁၄၃၇၆)ဦးတို့ကို သတ်မှတ် ကာလအတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ