ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ပွဲကျင်းပ

ဒဂုံအရှေ့ ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရှမ်းတဲကြီးကျေးရွာ၊ ရွှေဓမ္မဂုဏ်ရည်ဘုန်းကြီးကျောင်း၌  ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန် အရှေ့ပိုင်းခရိုင်မှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအေးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နေထိုင်မှုပုံစံ များအလိုက် နည်းလမ်း(၄) မျိုး ခွဲခြားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်း များကို စီမံချက်ကာလ (၁၈)လ သတ်မှတ်၍ ဆောင်ရွက် လျက်ရှိကြောင်း အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ရန်ကုန်အရှေ့ပိုင်း ခရိုင်မှူး၊ ဒုတိယခရိုင်မှူး နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အသက်(၁၀) နှစ်ပြည့် ကျား(၅)ဦး၊ မ(၃)ဦး၊ ပေါင်း(၈)ဦး အသက်(၁၈)နှစ်ပြည့်ကျား(၈)ဦး၊ မ(၉)ဦး၊ ပေါင်း(၁၇)ဦးတို့အား တစ်ဦးချင်းအလိုက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပေးအပ်ခဲ့ပြီး ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးဝင်းနိုင်မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရပ်ကွက်/ကျေးရွာများရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။