မိတ္ထီလာ ဇွန် ၂၈
မိတ္ထီလာမြို့ လူစည်ကားရာဈေးနေရာများတွင် ယမန်နေ့က ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် အသိပညာပေးခြင်း လုပ်ငန်းများကို ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ တစ်ကျော့ပြန် ဖြစ်ပွားလာတဲ့ လက်ရှိအခြေအနေမှာ ဒေသခံပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာရမယ့်လမ်းညွှန်ချက်တွေ၊ စည်းကမ်းချက်တွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းထုတ်ဝေထားတဲ့ နံရံကပ်ပိုစတာတွေကို လူမြင်ကွင်းနေရာမှာ ထားရှိပေးတာ၊ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေတာ၊ မျက်နှာ နှာခေါင်းစည်းတွေဖြန့်ဝေပြီး အပြင်ထွက် သွားလာတဲ့အခါ မဖြစ်မနေတပ်ဆင်ကြဖို့ စည်းရုံးအသိပညာပေးတာတွေကို ဆောင်ရွက်တာပါ။ လူစည်ကားရာဈေးတွေဖြစ်တဲ့ ပေါက်ချောင်းဈေး ၊ အောင်ဆန်းမြို့သစ်ဈေး၊ ပြည်သာယာဈေး ၊ သီရိမင်္ဂလာရပ်ကွက်က ရှစ်နာရီဈေး(ဘဲကန်ဈေး) နဲ့ အောင်ဇေယျာရပ်ကွက် ပုလဲဈေးတွေမှာ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းတွေကို ကျွန်တော်တို့ ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်တွေ ကွင်းဆင်းဆောင်ရွက်တာပါဟု ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးနေဦးက ပြောသည်။ မိတ္ထီလာ၌ ဇွန်လ ၂၄ ရက်နေ့တွင် သံဃာတော် ၂ ပါး နှင့် အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ဇွန်လ၂၅ ရက်နေ့တွင် အဆိုပါ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများ၏ ထိတွေ့ဖြစ်သော သံဃာတော် ၁ဝ ပါးအား စစ်ဆေးရာမှာ သံဃာတော်၃ ပါးတွင် ကိုဗစ်-၁၉ရောဂါပိုး ရှိကြောင်း ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။ မိတ္ထီလာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံလူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ချမ်းသာ