မိုးမောက်၌ ပြည်သူ့ကျန်းမာရေးကြီးကြပ်အဆင့်(၂) မွမ်းမံသင်တန်း ဆင်းပွဲကျင်းပ

မိုးမောက်    သြဂုတ်  ၁၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် Mobile Tablet အသုံးပြု၍ ပြည်သူ့ ကျန်းမာရေးကြီးကြပ်အဆင့် (၂) အား မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီ၌ ပြည်သူ့ဆေးရုံသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာတင်မေသင်းက Covid-19 ရောဂါ ကာကွယ် နှိမ်နင်း ရေးလုပ်ငန်း (၅)မျိုး၊ ကျန်းမာရေးကြီးကြပ်စစ်ဆေးရေးလုပ်ငန်းများကို သားဖွားဆရာမများက ကာကွယ်ဆေးထိုးခြင်း၊ ကာကွယ်ဆေးတိုက်ခြင်း၊  ကာကွယ်စောင့်ရှောက်ခြင်း၊ ကိုယ်ဝန် ဆောင်များအား စောင့်ရှောက်ရေးနှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းကြီးကြပ် (၂) အားလုံးက Disease Control ရောဂါကာကွယ်နှိမ်နင်းရေးအပိုင်းကို ကြိုးကြိုးစားစား သေသေချာချာ လိုက်နာ မှတ်သားပြီးနောက် မိမိဒေသသို့ရောက်ရှိ ပါက လက်တွေ့အသုံး ချဆောင်ရွက်ကြရန် မှာကြားပြီး ကျန်းမာရေးမှူး ဦးစန်းနိုင်က ယခုလိုသင်တန်း ကာလ(၅)ရက်အတွင်း စည်းကမ်း တကျ ကျန်းမာစွာ သင်ယူကြသဖြင့် ကောင်းမွန်ကြောင်း မိမိဒေသရောက်ရှိပါက လက်တွေ့ အသုံးချရာ အခက်အခဲ များကြုံတွေ့ပါက မေးမြန်းနိုင်ကြောင်းများ ပြောကြားခဲ့သည်။     

၎င်းသင်တန်းတွင် ပထမဆုကို ဆရာမ ဒေါ်အိဖြိုးဝေ (မန်နောင် ကျေးလက်ကျန်းမာရေး ဌာနခွဲ)၊ ဒုတိယဆုကို ဆရာဦးလပြည့်ဝန်း (လွယ်ဂျယ်မြို့၊ ကောင်းဆာကျေးလက် ကျန်းမာရေးဌာနခွဲ)၊ တတိယဆုကို ဆရာမဒေါ်ချမ်းစိမ့်သူ (မိုးမောက်ပြည်သူ့ဆေးရုံ) ၊ အထူးဆုကို ဆရာဦးထွန်းညီညီ (မိုင်းခတ်ကျေးလက်ကျန်းမာရေးဌာနခွဲ)မှ အသီးသီးရရှိပြီး မြို့နယ်ဆရာဝန်ကြီးမှ ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းသို့ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ လွယ်ဂျယ်မြို့များမှ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂) သင်တန်းသား/သင်တန်းသူ (၃၉) ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြ ဆရာဦးစန်းနိုင်  (ကျန်းမာရေးမှူး) နှင့် အဖွဲ့(၅)ဦးက သင်တန်းနည်းပြအဖြစ်ဆောင်ရွက်ပြီး ၎င်းသင်တန်းကို သြဂုတ်လ(၆)ရက်မှ (၁၀) ရက်နေ့အထိ သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။

လွန်းနန်းထွေး