မိုင်းဖြတ် ဇွန် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ "ပန်းခင်းစီမံချက်"ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉နာရီ အချိန်ခန့်က ဝမ်လုံးကျေးရွာအုပ်စု၊ နားမွန်းကျေးရွာရှိ ကျေးရွာခန်းမဆောင်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဌေးနှင့် ဝန်ထမ်းများက ဝမ်လုံးကျေးရွာအုပ်စု အတွင်းရှိ နားမွန်း၊ နားလီး၊ ယန်းခမ်း၊ ဝမ်လုံး၊ မာကာ စသည့်ကျေးရွာများမှ ကျေးရွာနေပြည်သူများကို အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို(အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် “ပန်းခင်းစီမံချက်” လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် ကာလအတွင်း ရပ်ကွက်နှင့် ကျေးရွာများ၌ အိမ်ထောင်စုလူ ဦးရေစာရင်း ၁၂ ခု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း ၉၃ ခု အထိ (အခမဲ့) ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း တာဝန်ရှိသူများထံက သိရသည်။
သန်းထွန်းအေး