မတ္တရာ ဇွန် ၂၇
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ဇွန်လ ၂၇ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်အချိန်က အမျိုးသားတစ်ဦး အနံ့ပျောက်သဖြင့် စစ်ဆေးရာမှ ကိုဗစ်၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သဖြင့် ထိစပ်သူများကိုစစ်ဆေးရာ ၈ဦးတွင် ရောဂါပိုးထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။
မတ္တရာမြို့ အမှတ်(၃)ရပ်ကွက်မှ အသက်(၆၀)နှစ်ဦးရှိ အမျိုးသားတစ်ဦးသည် အနံ့ပျောက်နေသဖြင့် မတ္တရာပြည်သူ့ဆေးရုံသို့သွားရောက်စစ်ဆေးခဲ့ရာ
ကိုဗစ်၁၉ရောဂါပိုး တွေ့ရှိ ခဲ့သည်။ အဆိုပါ ပိုးတွေ့လူနာမှာ လွန်ခဲ့သော (၇)ရက်ခန့်က အသက်(၅၅)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်ခဲ့ကြောင်း သိရသဖြင့် ၄င်းတို့နှင့်အတူ ထိစပ်ခဲ့သူများကို ကိုဗစ်၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ အမှတ်(၂) ရပ်ကွက်မှ အသက်(၅၅)နှစ်ရှိ အမျိုးသားတစ်ဦး၊ အသက်(၆၃)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ အသက်(၂၃)နှစ်ရှိ အမျိုးသားတစ်ဦး၊ အသက်(၂၆)နှစ်ရှိ အမျိုးသား တစ်ဦး၊အသက်(၂၄)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ အသက်(၂၆)နှစ်ရှိ အမျိုးသားတစ်ဦး၊ အမှတ်(၃)ရပ်ကွက်မှ အသက်(၂၃)နှစ်ရှိ အမျိုးသမီး တစ်ဦးနှင့် အသက်(၁၈)နှစ်ရှိ အမျိုးသားတစ်ဦး စုစုပေါင်း (၉)ဦးတို့တွင် ကိုဗစ်၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်၁၉ရောဂါပိုးတွေ့ရှိသူများကို မတ္တရာမြို့ပြည်သူ့ဆေးရုံတွင် ထားရှိကုသ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပိုးတွေ့လူနာများနှင့် ထိစပ်ခဲ့သူများကို Quarantine Center တွင် ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။