ပူတာအိုမြို့တွင် ကမ္ဘာ့သစ်ပင် စိုက်ပျိုးရေးနေ့အထိမ်းအမှတ် သစ်ပင်စုပေါင်းစိုက်ပျိုး

ပူတာအို     ဇွန်    ၂၇

ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်သစ်တောဦးစီးဌာန၏ဦးဆောင်မှုဖြင့် ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ သစ်ပင် စိုက်ပျိုးရေးနေ့အထိမ်းအမှတ် သစ်ပင်စုပေါင်းစိုက်ပျိုးခြင်းကို ယနေ့ နံနက်(၈)နာရီက ပူတာအိုမြို့ ဒုတ္ထန် ရပ်ကွက်ရှိ ရဝမ်အမျိုးသားဥယျာဉ်၌ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကွပ်ကဲမှု အောက်ရှိသစ်တောဦးစီးဌာန၊ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်မြန်မာ နိုင်ငံရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း တာဝန်ရှိသူများက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရေးအတွက် အမြင့်ပေနှစ်ပေနှင့် အထက်ရှိသော ရေပိတုန်းသစ်မျိုးစုစုပေါင်း(၅၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ သစ်တောဦးစီးဌာနအနေနဲ့ ၂၀၂၀-၂၀၂၁ခုနှစ် မိုးရာသီမှာ ပြည်သူလူထုတွေကိုဖြန့်ဝေဖို့ အပင်(၁၉၄၀၀)ပင်ပျိုးထောင်ထားရှိခဲ့ပါတယ်။ အဲဒီထဲက ယခုလအတွင်းမှာ ပြည်သူတွေစိုက်ပျိုးဖို့(၁၆၅၀၀)ပင် အခမဲ့ ဖြန့်ဝေစိုက်ပျိုးထားပြီးဖြစ်ပါတယ်။ဒီနေ့ကတော့ ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းအမှတ်အနေနဲ့ သစ်တောဦးစီးဌာနက ဦးဆောင်ပြီး စိုက်ပျိုးတာဖြစ်ပါတယ်။ ဒီနေ့စိုက်ပျိုးတဲ့အပင်ကတော့ ရေပိတုန်းသစ်မျိုးဖြစ်ပြီး အမြင့်နှစ်ပေနဲ့ အထက်အပင်တွေကိုစိုက်ပျိုးခြင်းဖြစ်ပါတယ်။ အမြင့်နှစ်ပေနဲ့အထက် အပင်တွေကိုစိုက်ပျိုးခြင်း အားဖြင့် ရာသီဥတုဒဏ်လည်းခံနိုင်ပြီးမှ အသေအပျောက်လည်းနဲတဲ့အတွက် တစ်ပင်စိုက်လျှင်တပင်ရှင်နိုင်မှာ ဖြစ်ပါတယ်” ဟု မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညိုဦးကပြော သည်။