ကော့သောင်းမြို့တွင် နေရပ်ပြန် မြန်မာသင်္ဘောသားများအား အသွားအလာ ကန့်သတ်စောင့်ကြည့် ထားရှိ

ကော့သောင်း   ဇွန် ၂၇

ကူးစက်မှုပြန်လည်ဖြစ်ပေါ်လာနေသည့် ကိုဗစ်၁၉ရောဂါ ပြည်တွင်းကူးစက်မှုအပြင် ပြည်ပမှ ကူးစက်မှုများမဖြစ်ပေါ်လာစေရေး ယမန်နေ့ညနေပိုင်းက တာဝန်ပြီးဆုံး၍ ပြည်ပမှ ပြန်လည်ဝင်ရောက် လာသည့်နေရပ်ပြန်  မြန်မာ သင်္ဘောသားများအား ကော့သောင်းမြို့တွင် အသွားအလာ ကန့်သတ် စောင့်ကြည့်ထားရှိကြောင်းသိရသည်။

နိုင်ငံတကာပင်လယ်ကူးသင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်မည့် သင်္ဘောသားများအား ကော့သောင်းမြို့ အနီးအက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ် သည့် လုပ်ငန်းများပုံမှန် ဆောင်ရွက်လျက်ရှိရာ              အဆိုပါ နေ့ညနေပိုင်းက ဘင်္ဂလာဒေ့ရှ် နိုင်ငံမှဝင်ရောက်လာသည့် MV.MODERN LINK သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင် ခဲ့ပြီး Sign offထွက်လာသည့် ကပ္ပတိန် ဦးဝဏ္ဏတင့်ဝေ နှင့်အတူ သင်္ဘောသား(၂၃)ဦး မြန်မာနိုင်ငံကော့သောင်းဆိပ်ကမ်းသို့ဝင်ရောက်လာရာ ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများကလိုအပ်သည့် စစ်ဆေးမှုများကြပ်မတ်ဆောင်ရွက်ကာ ကိုဗစ်-၁၉ရောဂါ ပြည်ပမှတဆင့်ဝင်ရောက်ကူးစက်မှု မဖြစ်ပေါ်စေရေး ကော့သောင်းမြို့ တွင် Hotel Quarantine (၁၄)ရက် ထားရှိစောင့်ကြည့်မှုခံယူကြမည်ဖြစ်ကြောင်းသိရသည်။

ကော့သောင်းမြို့အနေဖြင့် ယခုရက်ပိုင်းအတွင်း ပြည်တွင်းကူးစက်မှုအသွင်ဖြင့် ရောဂါပိုးရှိသူများအား နေ့စဉ်နီးပါး စစ်ဆေးပေါ်ပေါက်လျက်ရှိပြီး ယခင်ကာလများက ပြည်ပမှဝင်ရောက်လာသည့် မြန်မာသင်္ဘောသားများထံမှလည်းကိုဗစ်၁၉ရောဂါပိုးတွေ့လူနာများပေါ်ပေါက်ခဲ့ဖူးသဖြင့် ပြည်ပကူးစက် မှုများ ထပ်မံမပေါ်ပေါက်စေရန် ကျန်းမာရေးဌာနအပါအဝင် ဒေသတာဝန်ရှိ အဖွဲ့အစည်းများက ရောဂါထိန်းချုပ်ရေး ယခုကဲ့သို့ပြည်ပမှပြန်လည် ဝင်ရောက်လာသူများအား အထူးသတိပြု ကြပ်မတ်စစ်ဆေး စောင့်ကြည့်မှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 ကျော်စိုး (ကော့သောင်း)