လားရှိုး ဇွန် ၂၇
လားရှိုးမြို့၌ ဇွန်လ(၂၆)ရက်နေ့အထိ ကိုဗစ်(၁၉) အတည်ပြုလူနာပေါင်း (၂၉၈)ဦးတွေ့ရှိထားပြီးဖြစ်ကြောင်းနှင့် စောင့်ကြည့်သတ်မှတ်ရက်ပြည့်၍ ဆေးရုံဆင်းသူ(၆၈)ဦးရှိကြောင်း ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် ကော်မတီထံကသိရှိရသည်။
လားရှိုးပြည်သူ့ဆေးရုံကြီးရှိစောင့်ကြည့်ကုသရေးစင်တာများတွင် နေရာများလိုအပ်ချက်များအရ အဆိုပါ ကိုဗစ်အတည်ပြုလူနာများအားစောင့်ကြည့်ထားရှိကုသရန်အတွက် လားရှိုးမြို့ အမှတ်(၁၂)ရပ်ကွက်၊ ပြည်ထောင်စုအားကစားကွင်းရှိမိုးလုံလေလုံအားကစားခန်းမကို အမျိုးသား(၁၀၀)ဦးအမျိုးသမီး(၁၀၀)ဦး ထားရှိ ကုသနိုင်ရေးအတွက် ကိုဗစ်(၁၉)ရောဂါကာကွယ် ထိန်းချုပ်ကုသရေး မြို့နယ်အဆင့်ကော်မတီက စီစဉ်ဆောင်ရွက်လျက်ရှိနေကာ ဇွန်လ(၂၆)ရက် ညပိုင်းကတည်းကလူနာများစတင်လက်ခံထားရှိနိုင်ရေး ဆောင်ရွက်နေကြောင်းသိရှိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကြက်ခြေနီတပ်ဖွဲ့ကလည်း အဆိုပါလူနာများအသုံးပြုရန်အတွက် ဖျာ(၂၀၀)ခု၊စောင်(၂၀၀)ခုနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများလူဦးရေ(၂၀၀)စာတို့အပြင် ယာယီအိမ်သာ(၂)လုံးအား ကူညီထားရှိကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကြက်ခြေနီ ဥက္ကဋ္ဌထံမှ သိရှိရသည်။
လားရှိုးမြို့ ကြက်ခြေနီတပ်ဖွဲ့ကလည်းစောင့်ကြည့်ကုသမည့် နေရာများအားပိုးသတ်ဆေးပက်ဖြန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင်လားရှိုးမြို့ရှိ စေတနာရှင်အလှူရှင်များကလည်း အဆိုပါကိုဗစ်(၁၉)ရောဂါ စောင့်ကြည့်ရေး စင်တာ အတွက်လိုအပ်နေသောအသုံးအဆောင်ပစ္စည်းများကိုလည်း ကူညီပံ့ပိုး လှူဒါန်းနေကြကြောင်း သိရှိရပြီး အလှူရှင်များအနေဖြင့် အဆိုပါကိုဗစ်(၁၉)ရောဂါ အတည်ပြုလူနာများ အားအားဖြည့်အစားအစာ ကျွေးမွေးရန်အတွက် လိုအပ်နေသော နံနက်ခင်းစာ၊ညစာများကို ကိုဗစ်(၁၉)ကာကွယ် ထိန်းချုပ် ကုသရေးမြို့နယ်အဆင့် ကော်မတီဥက္ကဋ္ဌဦးဇော်နိုင်ဦး(၀၉၂၁၅၀၄၇၀)kpayသို့ တိုက်ရိုက် လှူဒါန်းနိုင်ကြောင်းသိရှိရသည်။
ဟန်ဌေး(လားရှိုး)