သောက်သုံးရေအုတ်ကန်များအား ရန်ကုန်မြို့ ဝေမျှခြင်း(အလှူရှင်)အဖွဲ့မှအမိုးများလှူ ဒါန်းခြင်းနှင့် ရေအုတ်ကန်များလှူဒါန်း 

ညောင်ဦး  ဇွန်   ၂၇ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေရှားပါးသည့် ကျေးရွာများအား အိမ်ခြ၊ လူဦးရေအပေါ်မူတည်ပြီး ရေဂါလံ ၅၀၀ အထက် ရေအုတ်ကန်များကို အလှူ ရှင်၊ ကုသိုလ်ရှင်များက တည်ဆောက်လှူဒါန်းပေးလျက်ရှိရာ ထိုရေလှောင်အုတ်ကန်များ အမိုးအကာအတွက် ရန်ကုန်မြို့ (ဝေမျှခြင်း) ကုသိုလ်အဖွဲ့မှ အမိုးအကာများ ထပ်မံလုပ် ဆောင်ပေးလျက်ရှိရာ ယနေ့အထိ ရေအုတ်ကန် ၇ ကန်အမိုးပြုလုပ်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။ 

ညောင်ဦးမြို့နယ်တွင် ထန်းတောင်သူတဲတိုက်အများစု သောက်သုံးရေအခက်အခဲ ကြုံတွေ့နေကြရာ သောက်သုံးရေအလှူရှင်များ လှူဒါန်းသည့် ရေကိုမှီခိုအားထားနေရ သည့် တဲတိုက်ပေါင်းအများအပြားရှိနေကြသေးပြီး ညောင်ဦးမြို့ပေါ်နှင့် မြန်မာပြည်အရပ် ရပ်မှ သောက်သုံးရေအလှူတော်အသင်းများ လှူဒါန်းသည့် သောက်သုံးရေကို အဓိကမှီခို အားထားနေရသည့် ကျေးရွာများနှင့် တဲတိုက်များ အများအပြားရှိနေသေးကြောင်း ညောင်ဦးမြို့၊ အေးမေတ္တာသောက်ရေ အလှူတော်အသင်းထံက သိရသည်။ ရေလှောင် အုတ်ကန်များ အမိုးအကာပြုလုပ်ခြင်းအား ကန်နီကြီးတဲတိုက် ရေဂါလံ ၅၀၀၀ ဆံ့ အုတ်ကန်၊ စက်သဲကျင်းတဲတိုက် ရေဂါလံ ၅၀၀၀ ဆံ့ ရေအုတ်ကန်၊ ကွမ်းကြီးတဲတိုက် ရေဂါလံ ၅၀၀၀ ဆံ့ရေ အုတ်ကန်၊ ကောင်းပင်စီမြောက် တဲတိုက်ပိုင်းတဲတိုက် ရေဂါလံ ၅၀၀၀ ဆံ့ ရေအုတ်ကန်၊ တောဇွန်တဲတိုက်၊ တာလမ်းကန်တဲတိုက်၊ ညောင်တို တဲတိုက် တို့ရှိ ရေဂါလံ ၅၀၀၀ ဆံ့ရေ အုတ်ကန်တို့ကို မျှဝေခြင်းအလှူရှင်များ အဖွဲ့က အမိုးအကာ ပြုလုပ်လှူဒါန်းခဲ့ကြောင်း ညောင်တိုတဲတိုက်မှ ထန်းတောင်သူ ဦးညိုမင်းကရှင်းပြ၍ သိရသည်။ (တဲတိုက်ဆိုသည်မှာ အညာဒေသအခေါ် ထန်းတောင်သူများ ထန်းတက်ရာ သီတွင် ရွာထဲ မီးရေးထင်းရေးစိုးရိမ် ရသည့်အတွက် ရွာနှင့်ဝေးရောထန်းတောထဲတွင် ထန်းလျှက်ချက်ဖိုများ ပြောင်းရွေ့ကျို ချက်ရာမှ ရွေ့ပြောင်းခဲ့ကြပြီး ထန်းရာသီ ပြီးချိန် ရွာတွင်ပြန်မရွေ့ကြပဲ အစုအဖွဲ့များလာပြီး အိမ်ခြေ (၄၀)မှ အိမ်ခြေ(၂၀၀)ကျော် ထိရှိနေသည့် တဲတိုက်များရှိလာနေကာ ရွာစာရင်း လည်းမပေါက်ပဲ အညာအခေါ် တဲတိုက်သာ ခေါ်နေကြသေးကြောင်းသိရ)။ 

သောက်သုံးရေ ရှားပါးသည့် ကျေးရွာတဲတိုက်များသို့ ရေလှောင်အုတ်ကန်များ၊ စက်ရေ တွင်းများ၊ သောက်သုံးရေ မြေသားရေလှောင်ကန်များ၊ လတ်တလော သောက်သုံး ရေများ လှူဒါန်းနိုင်ကြပြီး လှူဒါန်းလိုပါက အေးမေတ္တာသောက်ရေ အလှူတော် အသင်းနှင့် ချိတ်ဆက်လှူဒါန်းနိုင် ကြောင်းနှင့်သောက်သုံးရေရှားပါးသည့် ကျေးရွာများ၊ တဲတိုက်များကိုလည်း လာရောက်လေ့လာနိုင်ကြောင်း အေးမေတ္တာ သောက်ရေ အလှူတော်အသင်းက ပြောကြား၍ သိရသည်။

ကိုထိန်၊ KPD