ကျောက်ပန်းတောင်း၊ ဩဂုတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတာင်းမြို့နယ်တွင် ဝါတွင်းကာလ ဓမ္မာရုံဆွမ်းလောင်းပွဲများကို နှစ်စဉ်နှစ်တိုင်း ဥပုသ်သီတင်းပတ်များတွင် စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်လျက်ရှိသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာကန့်သတ်ချက်များကြောင့် လူစုလူဝေးဖြင့် ဆောင်ရွက်ခြင်းမပြုဘဲ မြို့နယ်သံဃနာယကဆရာတော်ကြီးများ၏ဩဝါဒဖြင့် ဆွမ်းပေါင်းပွဲများအဖြစ်သာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ဆွမ်းလောင်းနေကြအိမ်တွေကို နှစ်တိုင်းလိုပဲ ဆွမ်းလောင်းဖိတ်ပါတယ်။ ဒါပေမဲ့ လူစုလူဝေးမဖြစ်အောင် ကိုယ်တိုင်လောင်းခွင့်တော့မပြုပါဘူး။ ဆွမ်းလောင်းဓမ္မာရုံရှေ့မှာပဲ ဆွမ်းထည့်ဖို့ ပုတ်ကြီးတွေချပေးထားပြီး၊ အဲဒီအထဲမှာပဲ ဆွမ်းပေါင်းအဖြစ်လောင်းလှူစေပါတယ်၊ ပြီးမှ ဓမ္မာရုံ အကျိုးတော်ဆောင် လူကြီး၊ လူငယ်များက ကျောင်းတိုက်တစ်တိုက်ချင်း ပင့်ဖိတ်လောင်းလှူပါတယ်၊ ဆွမ်းဟင်းကိုတော့ လူမများတဲ့အတွက် ဆွမ်းလောင်းဓမ္မာရုံထဲမှာပဲ သတ်မှတ်အကွာအဝေးအတိုင်းနေရာယူစေပြီး ကျောင်းတိုက်တစ်တိုက်ချင်း ခေါ်ယူလောင်းလှူစေပါတယ်”ဟု စံပြ ရပ်ကွက် မဟာဗောဓိဓမ္မာရုံအကျိုးတော်ဆောင် ဦးမြင့်ရွှေက ပြောပါသည်။
ကျောက်ပန်းတောင်းမြို့တွင် ရပ်ကွက် (၁၂) ရပ်ကွက်ရှိရာ ဝါတွင်းကာလဆွမ်းလောင်းပတ်တိုင်း ဆွမ်းခံကြွသည့် သံဃာတော်များ၊ ကပ္ပိယများ၊ ဆွမ်းလောင်းလှူသူများနှင့် ဆွမ်းလောင်း၊ ဆွမ်းခံသူများအား အဟာရဒါနပြုလုပ်သူများဖြင့် နံနက်တိုင်းစည်ကားသိုက်မြိုက်လေ့ရှိသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မည်သည့်ရပ်ကွက်ဓမ္မာရုံမျှ စုပေါင်းလောင်းလှူခြင်းမပြုကြဘဲ ဆွမ်းပေါင်းလောင်းလှူခြင်းဖြင့်သာ ကုသိုလ်ပြုလျက်ရှိကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)