ကျောက်ဆည် ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်း ကို မေ(၃)ရက်နေ့မှစတင်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပြီး ယမန်နေ့နံနက် (၁၀)နာရီက လယ်ကြီး ကျေးရွာအုပ်စု၊ မြို့သာကျေးရွာ မဟာပွင့်တော်မူဓမ္မာရုံတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်များ ပြုလုပ်ပေးရာသို့ မန္တလေးတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယဉ်ထွေး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်၊လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးတို့က ကြည့်ရှု အားပေးခဲ့ပြီး ပြည်သူများနှင့်တွေ့ဆုံကာ ပန်းခင်းစီမံချက်အကြောင်းနှင့် ကြုံတွေ့နိုင်သည့် အခက် အခဲများအကြောင်း ရှင်းလင်းပြေကြားခဲ့သည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးတ်များ ပြုလုပ်ပေးရာတွင် အသက်(၁၆)နှစ်နှင့်(၁၈)အကြား အမျိုးသား(၈)ဦး၊အမျိုးသမီး(၈)ဦး၊ စုစုပေါင်း(၁၆)ဦး၊ အသက်(၁၈)နှစ် အထက်အမျိုးသား(၁၄)ဦး၊ အမျိုးသမီး(၁၇)ဦး၊ စုစုပေါင်း(၃၁)ဦးနှင့် လူဦးရေ(၅၀)ဦးဝင်သည့် ပြောင်းဝင် အိမ်ထောင်စု(၁၆)ခု ကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)