မောက်မယ် ဇွန်၂၇
သာသနာတော်ကြီးတည်တန့်ပြန့်ပွားစေရန်အတွက် မောက်မယ်မြို့နယ်လုံးဆိုင်ရာ သံဃနာယကအဖွဲ့မှကြီးမှူး ကျင်းပသည့် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော (၃၉)ကြိမ်မြောက် ပရိယတ္တိသာသနပါဒကစာပြန်ပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပရိယတ္တိစာသင်တိုက် ကျောင်းကြီးကျောင်းတိုက်တွင် စတင်ကျင်းပခဲ့သည်။
ရှေးဦးစွာအခမ်းအနားတွင်ကြွရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ပရိသတ် တို့က နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပေးရာ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ထီဟန်းခွီးကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူသည်။
အဆိုပါ စာပြန်ပွဲအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ မြို့နယ်သြဝါဒါစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးဆောင် ဆရာတော် ကြီးများ ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့များက ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
စာပြန်ပွဲတွင် ဒုတိယတန်း(၈)ပါး ၊ ပထမကြီးတန်း (၈)ပါး ၊ မူလတန်း(၃၉)ပါး၊ ခွင့်ပြုကြီး(၃၇)ပါး ၊ ခွင့်ပြု ငယ်(၁၀၀)ပါး စုစုပေါင်း စာဖြေသံဃာပေါင်း (၁၉၂ )ပါးဝင်ရောက်ဖြေဆို ကြောင်းနှင့် စာမေးပွဲကို ဇူလိုင်လ(၂)ရက် နေ့အထိ (၇) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးမှူးထံမှတဆင့် သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)