မလှိုင် ဩဂုတ် ၁၁
မလှိုင်မြို့၌ အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် ( မိတ္ထီလာ) နှင့် လူမှုရေးအသင်းများပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ် ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက မလှိုင်မြို့၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါနေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှပြုလုပ်သော အိမ်သုံး ဆပ်ပြာလုပ်ငန်း သင်တန်းဆင်းပွဲသို့တက်ရောက်လာသော မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးနှင့် ဌာနဆိုင်ရာများ၊ သင်တန်းသား/သင်တန်းသူ ကို မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဇော်နိုင်၊ အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မိတ္ထီလာ)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်သူရ ဦးစီးသော တပ်ဖွဲ့ဝင် (၄)ဦး၊ မြို့နယ်အမျိုးသမီးကော်မတီ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။
ထို့အပြင် မလှိုင်မြို့စည်ပင်သာယာ ဈေးကြီးအတွင်း ဈေးရောင်း၊ ဈေးဝယ် နေကြသူများကိုလည်း လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာများနှင့် ပတ်သက်သောအသိပညာပေး လက်ကမ်းစာစောင်(၃ဝဝ)ခန့်ကိုဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)