ဒလမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်

ရန်ကုန် ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိစေရေးအတွက် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ညောင်ချောင်းကျေးရွာ အုပ်စု ရှိ အုပ်ချုပ်ရေးမှူးရုံးခန်းတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသော ကျေးလက် နေပြည်သူများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ တာဝန်ရှိ သူများနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးရခြင်း၏ ရည်ရွယ်ချက်များအား ကျေးလက်နေပြည်သူများကို ပြောကြားခဲ့ပြီး အိမ်ထောင်စု လူဦးရေ စာရင်း မရှိသေးသည့် အိမ်ထောင်စုဝင်များနှင့် အသက် (၁၀)နှစ်မှ (၁၈) နှစ်ကြား ၊ အသက်(၁၈)နှစ် ပြည့်ပြီး သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိစေရေးအတွက် လိုအပ်သည်များကို ပြုလုပ်ပေး ခဲ့ကြသည်။ ဆက်လက်၍ ကျန်ရှိသော ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများသို့ကွင်းဆင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဇွန်လ ၂၅ ရက်နေ့အထိ အိမ်ထောင်စုလူဦးရေစာရင်း ၃၁ စောင်၊ ကျား ၅၂ ဦး၊ မ ၆၃ ဦး၊ စုစုပေါင်း ၁၁၅ ဦး၊ အသက် ၁၀ နှစ် နှင့် ၁၈ နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးရာတွင် ကျား ၄၁ ဦး၊ မ ၃၉ ဦး၊ စုစုပေါင်း ၈၀ ဦး၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေး ရာတွင် ကျား ၁၄၄ ဦး၊ မ ၁၄၉ ဦး၊ စုစုပေါင်း ၂၉၃ ဦး တို့ကို အခမဲ့ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံးမှ သိရသည်။
နိုင်လင်းကျော်