မိတ္ထီလာ ဇွန် ၂၆
မိတ္ထီလာမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကောင်းမွန်သော တိရိစ္ဆာန်မွေးမြူရေးကျင့်စဉ် (GAHP)သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က အုတ်နှဲဘုတ်ကျေးရွာတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးလတ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးနိုင်က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် မိရိုးဖလာဝက်မွေးမြူရေး အတွက် ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ် Good Animal Husbandry Pracitices(pig backyard)ဆိုင်ရာ သိကောင်းစရာများနှင့် ဝက်မွေးမြူရေးနှင့် ပတ်သက်၍ အာဖရိကဝက် အပြင်းဖျားရောဂါဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်း ပြောကြားခဲ့သည်။ ၎င်းသင်တန်းကို ဇွန်လ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ ကျောက်ဖြူကုန်းကျေးရွာ အုပ်စုအတွင်းရှိ အုတ်နှဲဘုတ်ကျေးရွာနှင့်အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ(၈၀)ဦး တက် ရောက်ခဲ့ကြကြောင်း သိရသည်။
“မြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျေးလက်နေပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းများနှင့်အတူ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေး ကောင်းသော တိရိစ္ဆာန်ထွက်ပစ္စည်းများ ထုတ်ယူရရှိနိုင်စေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရန်၊ တိရိစ္ဆာန်သက်သာချောင်ချိရေး လိုက်နာဆောင်ရွက် လာနိုင် စေရန်နှင့် ထုတ်လုပ်မှုတိုးတက်လာပြီး ဝင်ငွေပိုမိုရရှိလာစေရန် ရည်ရွယ်၍ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျေးရွာများတွင် ကောင်းမွန်သော တိရိစ္ဆာန်မွေးမြူရေး ကျင့်စဉ်သင်တန်း များ နှစ်စဉ်ဖွင့်လှစ်ပို့ချ ပေးလျက်ရှိကြောင်း ”မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးမှ ပြောပြ၍ သိရသည်။
သိန်းမြင့်ကျော်