ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဘားအံမြို့ သံလွင်တံတားအဖွဲ့စုံ စုပေါင်း စစ်ရေးဂိတ်တွင် ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

ဘားအံ ဇွန် ၂၆

ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် အများပြည်သူ အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် တရားမဝင် ကုန်စည်စီးဆင်းမှုများ ပပျောက်စေရေးတို့အတွက် ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က ဘားအံမြို့၊ သံလွင်တံတား စစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှုနှင့် လုံခြုံရေးအဆောက်အဦများ တည်ဆောက်နေမှုလုပ်ငန်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။    

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဘားအံမြို့အဝင် သံလွင်တံတား အဖွဲ့စုံ စုပေါင်းစစ်ရေး ဂိတ်၌ ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များနှင့် ကိုယ်ပိုင်ယာဉ်များ ဖြတ်သန်းသွားလာမှုအခြေအနေ၊ ခရီးသွားပြည်သူများ ဝင်ထွက်သွားလာနေမှုအခြေအနေနှင့် ကုန်စည်စီးဆင်းမှုအခြေအနေများ၊ ရှာဖွေစစ်ဆေး မှုများ ဆောင်ရွက်နေမှုအခြေအနေ၊ ရဲတပ်ဖွဲ့၊ အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေး၊ စီးပွားကူးသန်း၊ စားသုံးသူ ရေးရာ၊ ငါးလုပ်ငန်း၊ မွေးမြူရေးနှင့်ကုသရေး အစရှိသည့်ဌာနများမှ ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှု အခြေအနေ၊ နေ့စဉ်မော်တော်ယာဉ်နှင့် လူဦးရေဝင်ထွက်သွားလာမှုကို မှတ်တမ်းပြုစု စာရင်းရေးသွင်းထားမှု တို့အား ကြည့်ရှုစစ်ဆေးခဲ့ကြရာ တာဝန်ရှိသူများက နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မောင်းတံ တပ်ဆင်ထားရှိသွားနိုင်ရေး၊ သန့်ရှင်း သပ်ရပ်မှုရှိစေရေး၊ အများသုံး သန့်စင်ခန်းများ ထားရှိပေးနိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် သံလွင်တံတား ဘားအံဘက်ခြမ်းနှင့် ဘားကပ် ဘက်ခြမ်းတို့တွင် လုံခြုံရေး(၂)ထပ်ဘန်ကာများ တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်အရည်အသွေးများနှင့်အညီ အမြန်ဆုံး ပြီးစီးနိုင်ရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း