ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံအတွင်း အကြီးဆုံးရေကူးကန်တည်ဆောက်မှုနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇွန်   ၂၆

ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်းရှိ မြို့များဖွံ့ဖြိုးစည်ပင်၍ သန့် ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်နေကြသည့်   မြို့နယ်များနှင့် မြို့စည်ပင်သာယာရေးအဖွဲ့များမှ အရာထမ်း၊ အမှုထမ်းများနှင့် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ပြီး နိုင်ငံအတွင်း အကြီးဆုံးရေကူးကန် တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် တွေ့ဆုံပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ မြို့ များဖွံ့ဖြိုးတိုးတက်၍ သန့်ရှင်းသာယာလှပလာစေရေးအတွက် လုပ်ကိုင်ဆောင်ရွက်နေကြသည့် စည်ပင်သာယာရေးအဖွဲ့များသည် မိမိတို့စီမံအုပ်ချုပ်ရေးကောင်စီမှ အပြည့်အဝစီမံခန့်ခွဲခွင့်ရှိသည့် တစ်ခုတည်းသော အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် မိသားစုကဲ့သို့ မှတ်ယူပါကြောင်း၊ ယခုနှစ်များအတွင်း ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲများကြောင့် စည်ပင်မှ ရသင့်ရထိုက်သည့် အခွန်ငွေများလျော့နည်းနိုင်သည့်အတွက် မြို့အလိုက်လုပ်ငန်း စီမံကိန်းများ ကို စိစစ်ရေးဆွဲဆောင်ရွက်ရေးနှင့် သတ်မှတ်ဘတ်ဂျက်နှစ်အတွင်း ပြီးစီးရေးကို အလေးထားလိုက်နာ ဆောင်ရွက် သွားရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံဝန်ထမ်းဖြစ်သည့်အတွက် မိမိတို့ တာဝန်ကျရာ မြို့များ ဖွံ့ဖြိုးလာစေ‌ရေး တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် မိမိတို့ဘဝတိုးတက်‌‌ ရေးအတွက် ဝန်ထမ်းအချင်းချင်း စည်းစည်းလုံးလုံးဖြင့် လက်တွဲဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးတိန့်ဆောင်က စည်ပင်သာယာရေးလုပ်ငန်းများကြိုးပမ်း ဆောင်ရွက်ရာတွင် ပြည်သူများဆီမှ ကောက်ခံရရှိသည့် အခွန်ငွေများကို ပြည်သူ့အကျိုးပြုလုပ်ငန်းများ တွင် ဥပဒေ၊လုပ်ထုံးလုပ်နည်းနှင့်အညီသုံးစွဲနိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြည်နယ်အတွင်းရှိ မြို့များဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နိုင်ခဲ့မှုများ၊ အခွန်အခများ ပြည့်မီစွာကောက်ခံရရှိရေး စီမံဆောင်ရွက်နေမှု အခြေ အနေများနှင့် စည်ပင်သာယာရေးအဖွဲ့များအတွင်း လိုအပ်ချက်များ၊ အခက်အခဲများကို  ရှင်းလင်းတင်ပြ သည်။

ယင်းနောက် တက်ရောက်လာကြသည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ အမှုဆောင်အရာရှိများ၊ အင်ဂျင်နီယာမှူးများနှင့် ဝန်ထမ်းများက မြို့နယ်များအလိုက်စည်ပင်သာယာရေးလုပ်ငန်းများဆောင် ရွက်လျက်ရှိသည့်အခြေအနေများနှင့် ယာဉ်၊ စက်ယန္တရား လိုအပ်ချက်၊ မြို့ပြအင်ဂျင်နီယာဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာစေရေး သင်တန်းများ ချိတ်ဆက်တက်ရောက်ခွင့်ရရှိရေး၊ ဝန်ထမ်းအိမ်ရာလို အပ်ချက်၊ အခွန်အခကောက်ခံရရှိမှုနှင့် သုံးစွဲမှုအခြေအနေများကို တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြို့များဖွံ့ဖြိုးရေးအတွက် တာဝန် ယူဆောင်ရွက်နေကြသည့် ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူ များက မြစ်ကြီးနားမြို့၊သီတာရပ်ကွက်တွင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးကြပ် ဆောင်ရွက်လျက်ရှိသော နိုင်ငံအတွင်း အကြီးဆုံးရေကူးကန်ဖြစ်သည့် ရေကူးပြေးလမ်း(၁၀)လမ်းပါ ရေကူးကန် အောက်ခံကြမ်းခင်း slab လောင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို သွားရောက် ကြည့်ရှု စစ်ဆေးကြကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သတ်မှတ်ချိန်အတွင်း အရည် အသွေးပြည့်မီ စွာဆောင်ရွက်ပြီးစီးရေးနှင့် လိုအပ်ချက်များကို  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရေကူးကန်ကို တာဝန်ယူတည်ဆောက်လျက်ရှိသည့် ကုမ္ပဏီတာဝန်ရှိသူများအကြား ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ရေကူးကန်သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ကျပ်သန်း (၁၉၀၀)ဖြင့် တည်ဆောက်ခြင်း ဖြစ်ပြီး ရေကူးကန်မှာ အလျား ၁၅၀ ပေ၊ အနံ ၇၅ ပေရှိကာ ရေကူးပြေးလမ်း ၁၀ လမ်းဖြင့် မြန်မာနိုင်ငံတွင် အကြီးဆုံးရေကူးကန်ဖြစ်ကြောင်းနှင့် အဆိုပါ ရေကူးကန်တည်ဆောက်ပြီးစီးပါက ရေကူးအကယ်ဒမီ ပင်မ အဆောက်အုံတွင် သန့်စင်ခန်း၊ နားနေခန်းများ၊ ပွဲကြည့်စဉ်၊ ဆေးအဖွဲ့၊ ဒိုင်အဖွဲ့၊ ရုံးအဖွဲ့အခန်းများ၊ Electric Scoll Board ထိန်းချုပ်ခန်း၊ ပြုပြင်ထိန်းသိမ်းရေးအခန်းများဖြင့် ဖွဲ့စည်းထားရှိပြီး ရေကူးကန် အတွင်း ရေသန့်စင်ခြင်းနှင့် အပူထိန်းစနစ်များကိုလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

ပြည်နယ်(ပြန်/ဆက်)