အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့၌ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားကျင်းပ

တောင်ကြီး ဇွန် ၂၆

(၃၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အဝေယာမီးပုံးပျံကွင်း၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အမှာစကား ပြောကြားရာ၌ ဒီကနေ့သည် (၃၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်ပြီး ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် သိမ်းဆည်းရ မိခဲ့သည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးသွားမှာဖြစ်ပါကြောင်း၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့များက နှစ်စဉ်မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများကို အရှိန်အဟုန်မြှင့် စုံစမ်းဆောင်ရွက်ခဲ့ကြသဖြင့် ဖမ်းဆီး/ သိမ်းဆည်းရမိခဲ့သည့် ထုထည် ပမာဏများစွာသော မူးယစ်ဆေးဝါးများ၊ အစပျိုးဓါတု ပစ္စည်းများကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် သာမက မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင်လည်း ယနေ့တွင် တစ်ပြိုင်နက် ဖျက်ဆီးသွားမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများနှင့် အစပျိုး ဓါတုပစ္စည်းများကို နှစ်အလိုက်နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၀၉)သန်း၊ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း(၁၅၀)ကျော်၊ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာ (၆၅၁)သန်းကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများနှင့် ဓါတုပစ္စည်များကို ဖျက်ဆီး နိုင်ခဲ့ပြီးဖြစ်ပါ ကြောင်း၊ ယနေ့ တောင်ကြီးမြို့တွင် မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးမှာ အမေရိကန် ဒေါ်လာ (၃၅၁)သန်းကျော်ဖြစ်ပြီး တောင်ကြီး၊ ရန်ကုန်နှင့် မန္တလေးအပါအဝင် တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း (၆၆၇.၉၁၂၉)သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် အစပျိုး ဓာတုပစ္စည်များ၊ ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးသွားမှာဖြစ်ကြောင်း ပြောကြားသည်။

ပြည်နယ်စီမံ အုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌက ဆက်လက်ပြောကြားရာတွင် နှစ်စဉ်မူးယစ်ဆေးဝါး ပမာဏ များစွာ ဖမ်းဆီးရမိအရေးယူနိုင်ခဲ့သော်လည်း မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများ၏ လူမှုပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါးအန္တရာယ်သည် ကြီးမားကျယ်ပြန့်လျက်ရှိနေဆဲ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေနှင့် မူးယစ် ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ခံယူပြီးကမ္ဘာ့မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းများပါ ပြဌာန်းချက်များနှင့်အညီ နိုင်ငံတကာနှင့်လည်း ပူးပေါင်းလက်တွဲ ဆောက်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ် ဆောင်ရွက်နေသော်လည်း မူးယစ်ဆေးဝါးအန္တရာယ်သည် ခြိမ်းခြောက်လျှက်ရှိနေဆဲ ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးပြဿနာ လျှော့ချရေးအတွက် ဖမ်းဆီးအရေးယူ၊ အပြစ်ပေးခြင်းတစ်ခုတည်း ဆောင်ရွက်၍ မရသည့်အတွက် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများကလည်း ဘက်ပေါင်းစုံမှ နည်းလမ်းမျိုးစုံ၊ ကဏ္ဍမျိုးစုံ ပါဝင်သည့် ချည်းကပ်မှုများနှင့် တစ်ချိန်တည်းတစ်ပြိုင်တည်း ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်၍ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးထိန်းချုပ်ရေးနှင့် မူးယစ် ဆေးဝါးဥပဒေ၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒအသစ်ကို ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး မူဝါဒကို အ‌ကောင်အထည်ဖော်မည့် အမျိုးသား မဟာဗျူဟာ စီမံချက်တစ်ခုကိုလည်း ရေးဆွဲလျက်ရှိပါကြောင်း၊ ထို့ကြောင့် မူးယစ်‌ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် လူထုလူတန်းစားအသီးသီး၊ အဖွဲ့အစည်းအသီးသီးမှ လက်ရှိအနေအထားထက် ပိုမိုပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ အချိန်ကျရောက်ပြီ ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရမှ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် အချိန် တွင် ပြည်သူများအနေနှင့်လည်း မိမိပတ်ဝန်းကျင်မှ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု မပြုကြရန် စည်းရုံးဆွဲဆောင်သွားရင်း တားဆီးနှိမ်နှင်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် လာကြမည်ဆိုပါ က မြန်မာနိုင်ငံသည် နိုင်ငံသားအားလုံးရည်မှန်းသည့် မူးယစ်ဆေးဝါးကင်းစင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းပြီး မူးယစ်ဆေးဝါးကင်းစင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာအောင် အရှိန်အဟုန်မြှင့် ကြိုးပမ်း ဆောင်ရွက်နေသကဲ့သို့ ပြည်သူလူထုတစ်ရပ်လုံးကလည်း မူးယစ်ဆေးဝါးအန္တရာယ်ကို အထူးဂရုပြုပြီး ကြိုတင်ကာကွယ်‌ရေးနှင့် တားဆီးနှိမ်နှင်းရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက် သွားကြရန် တိုက်တွန်းလိုကြောင်း စသည့်ဖြင့် ပြောကြားသည်။

ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်‌ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ထံမှ ပေးပို့သော သဝဏ်လွှာကို ပြည်နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးလှဦးက ဖတ်ကြား ပြီး ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုက ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်တင်ပြသည်။

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဧည့်သည်တော်များသည် မီးရှို့ ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများကို လိုက်လံကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ ကြသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံနှင့် တာဝန်ရှိသူများက စက်ခလုတ်ခုံနေရာအသီးသီးမှ နေ၍ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို စက်ခလုတ်နှိပ်မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရှိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် တောင်ကြီး မြို့၊ အဝေယာမီးပုံးပျံကွင်း၌ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွင်  ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်း(၃၀၇၂)ကီလို ကျော်၊ ဘိန်းဖြူ (၁၈၁၄)ကီလို ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား(၁၀၅)သန်းကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား အကြေမှုန့် (၁၉၃၉) ကီလိုကျော်၊ အိုက်စ်(၇၉၂၂)ကီလိုကျော်၊ ဆေးခြောက်(၄၇၉)ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး (၁၃)မျိုးနှင့် ဓာတု ပစ္စည်း (၂၂)မျိုးတို့၏ စုစုပေါင်းတန်ဖိုး ငွေကျပ်(၅၆၂.၄၆၀၅) ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၅၁ သန်းကျော်)အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။