ကျွန်းစုမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

ကျွန်းစု ဇွန် ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မိုးရာသီအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မရှိစေရန်အတွက် ကြိုတင်ကာကွယ်ရေး လှုပ်ရှားမှုအဖြစ် ယနေ့ နံနက်(၈)နာရီအချိန်က မြို့ပေါ် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တို့၌ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲမင်းဦးမှ ဦးစီး၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်း အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်/ကလေး စောင့်ရှောက်ရေး အသင်းဝင်များ က ရပ်ကွက်တစ်ခုတွင် အုပ်စု(၃)စုခွဲ၍ ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ သွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခဲ့သည်။

ထို့နောက် ခြင်ကောင်ဖြစ်မှ နှိမ်နင်းခြင်းထက် ပိုးလောက်လန်းဘဝတွင် နှိမ်နင်းခြင်းဖြင့် သွေးလွန် တုပ်ကွေး ရောဂါကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်မှာ ဖြစ်ပြီး နေအိမ်အနီးရှိ ခြင်ခိုအောင်းနိုင်သော ခြုံနွယ်ပင်များ၊ အမှိုက်များအား ရှင်းလင်းနေဖို့ လိုအပ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသည့် အကြောင်းရင်းများနှင့် ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြ ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)