ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကော့သောင်း ဇွန် ၂၆

ကော့သောင်းမြို့၊ အမှတ်(၂) စစ်ဗျူဟာအဖွဲ့(အခြေချ)စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာ အုပ်စု၊ ခရူကျွန်း၊ ရွာသာယာကျေးရွာသို့ နယ်မြေအေးချမ်းတည်ငြိမ်ရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

စစ်ဆေးကြည့်ရှုမှုတွင် ကော့သောင်းမြို့၊ အမှတ်(၂)စစ်ဗျူဟာအဖွဲ့ (အခြေချ)စစ်ဗျူဟာမှူး၊ ဗိုလ်မှူးကြီး အောင်ဇော်လင်း၊ ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် အဖွဲ့ဝင်များသည် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ကျေးရွာအလယ်တန်းကျောင်း(ခွဲ)အတွက် လိုအပ်သည့် ဆရာ၊ ဆရာမများ အမြန်ဆုံးပြန်လည်ခန့်ထားနိုင်ရေး၊ ကျေးရွာလုံခြုံရေးကိစ္စများ သတိပြု ဆောင်ရွက်ကြရန်၊ ကျေးရွာအတွင်း မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်ဆူပူမှုများ မဖြစ်ပေါ်စေရေး လက်နက်ခဲယမ်းများ ဝင်ရောက်မှုမရှိစေရေးနှင့် ပင်လယ်ရွာဖြစ်သည့်အတွက် ရေလမ်းခရီးမှ တရားမဝင် ဘင်္ဂလီလူမျိုးများ ဝင်ရောက်မှုမရှိစေရေး ကျေးရွာတာဝန်ရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်များအနေဖြင့် သတိပြု ဆောင်ရွက်ကြရန် မှာကြားသည်။

ယင်းနောက် စစ်ဗျူဟာမှူးနှင့် ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ကျေးရွာ အလယ် တန်းကျောင်း(ခွဲ)သို့ ရောက်ရှိကာ ကျောင်းသား/ သူများပညာသင်ကြားနေမှု အခြေအနေနှင့် ကျောင်းအဆောက်အဦးအမိုးအကာ လုံခြုံမှုရှိရေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ ကျေးလက်ဆေးပေးခန်းသို့ သွားရောက်ကာ ကျေးရွာပြုသူများအား ကျန်းမာရေးပြုစု စောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက် ပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည့်ဆေးဝါးနှင့် တပ်မတော်ဆေးတပ်ဖွဲ့များ ပူးပေါင်း၍ ကျေးလက်ပြည်သူများအား ဆေးကုသ မှုဆောင်ရွက်ပေးနိုင်ရန်နှင့် လျှပ်စစ်မီးရှိရေး ကိစ္စများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ရေယာဉ်ဖြင့် ကျေးရွာတည်ထားသည့်  ကျွန်းအား နယ်မြေလုံခြုံမှုအခြေအနေများ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်စိုး(ကော့သောင်း)