မူဆယ်မြို့၊ ရွှေသမင်ကာကွယ်တောတွင် ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲတော် အထိမ်းအမှတ် ပျိုးပင်ပေါင်း(၅၀၀)စိုက်ပျိုး

မူဆယ် ဇွန် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယနေ့ နံနက်(၈)နာရီက ရွှေသမင်ကာကွယ်တောအတွင်းရှိ မြေကွက်လပ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးအောင်ဇော်မိုးနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်း၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ စုစုပေါင်းအင်အား (၇၀) တက်ရောက်ကြပြီး ပျိုးပင်များ ဖြစ်သောခရေပင်(၅၀)၊ ကံ့ကော်ပင်(၅၀)၊ မန်ဂျန်ရှား(၅၀)၊ မဟော်ဂနီပင်(၅၀)၊ မယ်ဇလီပင်(၁၀၀)၊ ရေသင်းဝင်ပင်(၁၀၀) ပျိုးပင် စုစုပေါင်း(၅၀၀) စိုက်ပျိုးခဲ့ကြောင်း သိရသည်။