ကျောက်ဆည် ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်သော ကျေးရွာများပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မား တိုးတက်စေရန် ရည်ရွယ်၍ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီက အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး(Green Growth)စီမံကိန်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းမြင့် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သဘာဝပတ်ဝန်းကျင်နှင့်ညီညွှတ်သော အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ရေဆိုး၊စွန့်ပစ်အမှိုက် စီမံခန့်ခွဲခြင်း၊ အိမ်တွင်း လေထုညစ်ညမ်းမှု လျှော့ချခြင်း အကြောင်းများ၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်သူဇာက စိုက်ပျိုးရေးနှင့်သောက်သုံးရေ စနစ်တကျ စီမံခန့်ခွဲခြင်း၊ အိမ်သွယ် ရေတိုင်များတပ်ဆင်ခြင်း၊ ရေဝေရေလွှဲ နေရာများတွင် သစ်ပင်စိုက်ပျိုးခြင်း၊ ပြန်လည် ပြည့်ဖြိုး မြဲစွမ်းအင် (ဆိုလာ)၊ ထင်းအစားထိုးလောင်စာ မီးဖိုနှင့် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ အသုံးပြုခြင်း အကြောင်းများ၊ အကြီးတန်းစာရေး ဒေါ်ခိုင်ဇာနည်ဇော် က ရိတ်သိမ်းချိန်လွန် နည်းပညာအသုံးချခြင်း၊ လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန်စီမံခြင်း၊ ဓာတုဗေဒသုံး စိုက်ပျိုးရေးပစ္စည်းများ လျော့ချသုံးစွဲမှု အသိပညာပေးခြင်း၊ အော်ဂဲနစ်သွင်းအားစုများ သုံးစွဲမှုမြှင့်တင်ရေး အသိ ပညာပေးခြင်း၊ ကောင်းမွန်သောစိုက်ပျိုးရေး၊တိရိစ္ဆာန်မွေးမြူရေးနှင့် ရေနေသတ္တဝါမွေးမြူရေး ကျင့်စဉ်များ အားပေးဆောင်ရွက်ခြင်း၊ မြေယာပြုပြင်ခြင်းနှင့် မြေဆီလွှာတိုက်စားမှု ကာကွယ်ခြင်းများ အကြောင်း သင်ကြားဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါသင်တန်းသို့ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦး၊ ပုသိမ်ကြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းတာဝန်ခံများ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)