မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ၇ ဦးတွေ့ရှိ

မိုးမိတ်  ဇွန် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် ဟော်နန်းရပ်ကွက်ရှိနေ (၆၉)နှစ်အရွယ် အမျိုးသားတစ်ဦးမှ အနံမရတော့သဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက် ပြသခဲ့သဖြင့် အဆိုပါအမျိုးသားနှင့်အတူနေ မိသားစုဝင်(၈) ဦး အား  RDT Test ဖြင့် စစ်ဆေးခဲ့ရာ အသက်(၆၉)နှစ်အရွယ်အမျိုးသားတစ်ဦး၊ အသက်(၃၅)နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက်(၁၀)နှစ် အရွယ်ယောက်ျားလေးတစ်ဦး၊ အသက်(၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊အသက် (၃၄)နှစ် အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း(၅)ဦးတွင် Covid-19  Positive တွေ့ရှိခဲ့သဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ၌ ထားရှိ၍ ကုသပေးလျက်ရှိပြီး ပိုးတွေ့ရှိသူများနှင့် ထိတွေ့ခဲ့သူများအား ကျန်းမာရေးနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများက စုံစမ်းရှာဖွေ၍ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

မိုးမိတ်မြို့နယ်တွင် ဇွန်လ ၂၂ ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၁)ဦး၊ ဇွန် ၂၃ ရက်နေ့ တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၁)ဦး၊ ဇွန် ၂၅ ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၅)ဦး တွေ့ရှိခဲ့ပြီး ယနေ့အထိ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ ၇ ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်တားဆီးရေးကော်မတီမှ သိရသည်။

မိုးမိတ်သား(စည်သူဌေး)