ကျောက်ဆည် ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ကိုယ်စား မြို့မရဲစခန်းမှစခန်းမှူး ဒုရဲမှူးမျိုးမြင့်ဦးက မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်များနှင့် ပတ်သတ်၍ ကုလသမဂ္ဂအဖွဲ့အစည်းတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ထားပြီး လူအခွင့်အရေးကြေညာ စာတမ်းတွင်လည်း လက်မှတ်ရေးထိုးကြောင်းနှင့် ကလေးသူငယ်များကို ဥပဒေနှင့်အညီ ကူညီ ကာကွယ်စောင့်ရှောက်သွားကြစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး မန္တလေးတိုင်းဒေသ ကြီး လူမှုဝန်ထမ်းရုံးမှ အမျိုးသမီးကလေးငယ်များသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်မြမြထွေးက သင်တန်းကျောင်းတွင် ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သတ်၍ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာများကိုစောင့်ရှောက် ၍အကာအကွယ်ပေးနေမှုများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ မြို့နယ်ဥပဒေအရာရှိ ဦးကျော်သူရထက်က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေသစ်များ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များမှ သိရှိလို သည်များ ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)