မိတ္ထီလာ ဇွန် ၂၅
မိတ္ထီလာမြို့ အမြန်လမ်းမကြီး သီးကုန်း ၂၈၅ မိုင် ယာဉ်ရပ်နားစခန်းတွင် ခရီးသွားပြည်သူများကို ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ကြိုတင်ပြင်ဆင် လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူးထံက သိရသည်။
မိတ္ထီလာမြို့ကို အမြန်လမ်းကနေ ဖြတ်သန်းသွားလာတဲ့ ခရီးသွားပြည်သူတွေ၊ ယာဉ်မောင်း ယာဉ်နောက်လိုက်တွေကို ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ လက်ရှိ ပြင်ဆင် ဆောင်ရွက်နေပါတယ်။ အရင်တုန်းက သီးကုန်း၂၈၅ မိုင်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ စခန်းမှာ ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပေမယ့် အခုတစ်ကြိမ်မှာ ယာဉ်ရပ်နားစခန်းထဲမှာပဲ သီးသန့် စစ်ဆေးသွားမှာဖြစ်ပါတယ်။ လာမယ့် ရက်သတ္တပတ် ထဲမှာ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးလုပ်ငန်းတွေ စတင်နိုင်ဖို့ပြင်ဆင် ဆောင်ရွက်နေတာပါ။ စစ်ဆေးရေး ဂိတ်မှာ ခရီးသွားပြည်သူတွေ၊ ယာဉ်မောင်း ယာဉ်နောက်လိုက်တွေကို ကိုယ်အပူချိန်တိုင်းမယ်၊ လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုဆောင်ရွက်မယ်။ပထမအကြိမ် ကိုယ်ပူချိန်တိုင်းတာလို့ သတ်မှတ် တာထက်ကျော်နေရင် ခေတ္တနားနေစေပြီး ဒုတိယအကြိမ် စစ်ဆေးမှာပါ။ ဒုတိယအကြိမ်စစ်ဆေးလို့ ကိုယ်ပူအချိန်သတ်မှတ်တာ ထက် ကျော်ရင်တော့ ကိုဗစ်-၁၉ ရောဂါ ပိုးရှိမရှိ RapidTest Kit နဲ့ စစ်ဆေးမှာဖြစ်ပြီး စစ်ဆေးလို့ ရောဂါပိုးတွေ့ရှိရင် ရောဂါပိုးရှိတဲ့သူကို ဆေးကုသမှု ခံယူနိုင် ဖို့ဆက်လက်ဆောင်ရွက်မှာပါ။ သူနဲ့အတူလိုက်ပါလာတဲ့ ထိတွေ့ဖြစ်သူတွေကိုတော့ ခရိုင် အားကစားကွင်း Quaratine Centre မှာထားရှိပြီး ကျန်းမာရေးစစ်ဆေးမှုတွေကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကသတ်မှတ်ထားတဲ့ လမ်းညွှန်ချက်များအတိုင်း ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်ဟု အဆိုပါ ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်မည့် ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးနေဦးက ပြောသည်။
မိတ္ထီလာမြို့ သီးကုန်း ၂၈၅ မိုင်တွင် ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းပြင်ဆင် ဆောင်ရွက်နေခြင်းဖြစ်သည်။ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ အရေအတွက်မှာ နိုင်ငံတစ်ဝန်း တစ်နေ့တစ်ခြားများပြားလာလျက်ရှိရာ မိတ္ထီလာမြို့တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ ဇွန်လ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ သံဃာတော် ၅ ပါး နှင့် အမျိုးသားတစ်ဦး စုစုပေါင်း ၆ ဦး ရှိကြောင်းသိရသည်။
ချမ်းသာ