ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရေဘုတ်ရေလှောင်တမံအတွင်း ငါးမျိုးစိုက်ထည့်ပေးပြီး ရေလှောင်တမံအား စီမံခန့်ခွဲမည့်အစီအမံများ ဆွေးနွေး

ဘားအံ   ဇွန်    ၂၅

ကရင်ပြည်နယ်အတွင်း ငါးသယံဇာတပေါများ၍ စားနပ်ရိက္ခာဖူလုံပိုလျှံစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင် မြစ်၊ ချောင်း၊ အင်း၊ အိုင်များနှင့် ဆည်၊ ရေလှောင်တမံများအတွင်း ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီခန့်က ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ သည် ရေဘုတ်ရေလှောင်တမံအတွင်း ငါးမျိုးများစိုက်ထည့် ပေးခဲ့ကြသည်။

ငါးမျိုးစိုက်ထည့်ပွဲသို့ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်ဦးသိန်းကိုကို၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်၍ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ရေဘုတ် ရေလှောင်တမံအတွင်း ဘားအံငါးလုပ်ငန်းစခန်းမှ (၂)လက်မ အောက်ခံအရွယ် ငါးမြစ်ချင်းကောင်ရေ ၅၀၀၀၀(ငါးသောင်း)၊ ငါးခုံးမကြီး ကောင်ရေ ၅၀၀၀၀ (ငါးသောင်း)စုစုပေါင်းကောင်ရေ ၁၀၀၀၀၀(တစ်သိန်း)ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတ ပေါများပိုလျှံစေရေးအတွက် ရှင်သန် ပေါက်ပွားရန် အကောင်းဆုံးအရွယ်ဖြစ်သည့် နှစ်လက်မအောက်ခံအရွယ်ကို ရွေးချယ်၍ မြစ်ချောင်း အင်းအိုင်တမံများအတွင်း အမြောက်အများ စိုက်ထည့်ပေးရန် လျာထားဆောင်ရွက်လျက်ရှိပြီး ယခုနှစ် မိုးရာသီတွင် နှစ်လက်မအောက်ခံအရွယ် ငါးသားပေါက် ကောင်ရေ  ၁၂ သိန်းကျော်ကို သဘာဝရေပြင် များအတွင်း စိုက်ထည့်ပေးသွားမည်ဖြစ်ပြီး ယခုအခါ ငါးသားပေါက် ကောင်ရေ ၄ သိန်း ၈ သောင်း ကျော်ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်သည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ရေဘုတ်ရေလှောင်တမံရှင်းလင်း ဆောင်၌ ရေလှောင်တမံအား ပြင်ဆင်ထိန်းသိမ်းထားရှိမှုအခြေအနေများ၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးအောင်သူကြွယ်နှင့်တာဝန် ရှိသူများက ရေဘုတ်ရေလှောင်တမံအတွင်း ရေဝင် ရောက်မှုအခြေအနေ၊ တမံအတွင်း စိုက်ထည့်ပေးခဲ့သည့်ငါးများ ရှင်သန်ပေါက်ပွားကြီးပြင်း၍ ရေထုတ် ပြွန်၊ ရေပိုလွှဲများမှတစ်ဆင့် ပတ်ဝန်းကျင်ရှိ မြစ်ချောင်းအင်းအိုင်လယ်ကွက်များသို့ ရောက်ရှိကာ ဒေသခံပြည်သူများ အလွယ်တကူဖမ်းယူစားသုံးနိုင်သည့် အခြေအနေ၊    တမံမြေသားအတွင်း ရေစိမ့်ဝင် မှုအား Geo Physic ၊ Electrical Resisty နည်းဖြင့် တိုင်းတာနေမှုအခြေအနေ၊ သဘာဝ ဘေးအန္တရာယ်များနှင့် ရေကြီးရေလျှံ မှုဖြစ်စဉ်များကြောင့် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ကြိုတင်စီမံခန့်ခွဲမည့်စီမံချက်(Emergency  Prepareness Plan) ရေးဆွဲ၍ ကြိုတင်စီမံဆောင်ရွက် ထားမှုအခြေအနေများအား ရှင်းလင်းတင်းပြခဲ့ကြရာ ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ရေဘုတ်ရေလှောင်တမံ ရေဝပ်ဧရိယာ ပတ်ဝန်းကျင်၌ ဇီဝမျိုးစုံမျိုးကွဲများရှင်သန်ပေါက်ပွားနိုင်ရေးနှင့် ပတ်ဝန်းကျင်စိမ်း လန်းစိုပြေရေး အတွက် သစ်ပင်များ စိုက်ပျိုးပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။                                                      

စောမျိုးမင်းသိန်း(ပြန်/ဆက်)