နေပြည်တော် ဇွန် ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဥတ္တရခရိုင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာလှကြည် (အာဟာရ ဆရာဝန်ကြီး) ရေးသားသည့် “ကင်ဆာရောဂါနှင့်မြန်မာ့အစားအစာ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့မွန်းလွဲ(၁) နာရီခွဲ က ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်ဆွေဆွေမိုး က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် “ကင်ဆာရောဂါနှင့် မြန်မာ့အစားအစာ” စာအုပ်တွင် အခန်း(၅)ခန်း ပါဝင်ကြောင်း၊ အခန်း(၁)၌ ကင်ဆာရောဂါအကြောင်း၊ အခန်း(၂)၌ အစာစားသုံးခြင်းနှင့်နှီးနွယ်ဆက်စပ် ပတ်သက်နေသော ကင်ဆာရောဂါများ အကြောင်း၊ အခန်း(၃)၌ ကင်ဆာဖြစ်သည့် အန္တရာယ်ကိုများစေနိုင်သော မြန်မာ့အစားအစာများ အကြောင်း၊ အခန်း(၄)၌ ကင်ဆာရောဂါ ကာကွယ်ပေးနိုင်သော အစားအစာများအကြောင်းနှင့် အခန်း(၅)၌ ကင်ဆာရောဂါဝေဒနာရှင်များအတွက် အစားအသောက်များ အကြောင်းကို ရေးသားဖော်ပြထားပါကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။
ထို့နောက် ဥတ္တရခရိုင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ဖြစ်ကြသည့် စာရေးဆရာ စိန်ဝင်းနွယ် (ဘာသာပြန်)က အခန်း(၁)မှ ကင်ဆာရောဂါ၏ လက္ခဏာများ၊ ကင်ဆာဖြစ်စေသည့်အကြောင်းများ၊ မျိုးရိုးဗီဇကြောင့် ကင်ဆာဖြစ်ခြင်း၊ စာရေးဆရာ ရဲမွန်ကျော် က အခန်း(၃)ပါ ကင်ဆာဖြစ်နိုင်သည့် အန္တရာယ်ကိုများစေနိုင်သည့် မြန်မာ့အစားအစာများအကြောင်း၊ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) က အင်အားကိုဖြစ်စေတဲ့ အစားအစာ၊ ခန္ဓာကိုယ်ကြီးထွားစေတဲ့ အစားအစာ၊ ရောဂါများကို ကာကွယ်ပေးတဲ့ အစားအစာများ အကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက် လာကြသည့် စာဖတ်ပရိတ်သတ်များကလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)