ကျိုင်းတုံ ဇွန် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား ယနေ့တွင် ကျိုင်းတုံပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ RDT Testkit ဖြင့် ပထမအကြိမ် စစ်ဆေးရာ ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။
အဆိုပါ အတည်ပြုလူနာ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ကလေးငယ်တစ်ဦးသည် ဇွန်လ ၁၂ ရက်မှ ၁၉ ရက်ထိ ကျိုင်းတုံမြို့တွင် တည်းခိုနေထိုင်ခဲ့ပြီး ဟိုပန်မြို့သို့ ပြန်လည်ရောက်ရှိစဉ် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သဖြင့် ၎င်းတို့ တည်းခိုနေထိုင်ခဲ့သည့် နေရာမှ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ် ၂ ဦးတို့အား အသွားအလာကန့်သတ်ထားရှိကာ ကျိုင်းတုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် RDT Testkit ဖြင့် ပထမအကြိမ် စစ်ဆေးဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်းသိရှိရပြီး ဇွန် ၂၉ ရက်တွင် ဒုတိယအကြိမ် ထပ်မံ၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)