ထားဝယ် ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ အတိုး/အရင်းပြန်လည်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပေးအပ်ပွဲတွင် ထားဝယ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးစိုးလင်းက ထားဝယ်မြို့နယ်အတွင်း ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာ (၁၉)ရွာအနက် ကျေးရွာ(၁၄)ရွာမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွက် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေအတိုးအရင်း ပြန်လည်ပေးအပ်ခြင်းအစီအစဉ် ကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားသည်။
ထိုနောက် ကျေးရွာ(၁၄)ရွာမှ အရင်းဆပ်ငွေစုစုပေါင်း (၅၈၀၃၀၀၀၀၀)ကျပ်နှင့် အတိုးဆပ်ငွေ စုစုပေါင်း (၈၇၀၄၅၀၀)ကျပ်အား ပေးအပ်ရာ ထားဝယ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးစိုးလင်း၊ မြို့နယ် ဦးစီးမှူးဦးမြင့်ဆွေနှင့် ဝန်ထမ်းများက လက်ခံရယူသည်။
ဆက်လက်၍ ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာ(၁၄)ရွာမှ အတိုး/အရင်း ပြန်လည်ပေးဆပ်မှုကို မြစိမ်းရောင် ကျေးရွာစီမံကိန်း စည်းမျဉ်း၊ စည်းကမ်းအတိုင်း သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်နိုင်ရန် အတွက် ကြပ်မတ်ဆောင်ရွက်ပေးခဲ့ပြီး ပြန်လည်ပေးဆပ်စီမံကိန်းရန်ပုံငွေအနက် အရင်းငွေအား ကျေးရွာများသို့ပြန်လည်ပေးအပ်ကာ အတိုးရငွေများကို မြန်မာ့စီးပွားရေးဘဏ်သို့ ထည့်သွင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။