ချင်းရွှေဟော်မြို့ ပြည်သူ့စာကြည့်တိုက်၌ Book Club အသင်းနှင့် စာဖတ်ဝိုင်းကျင်းပ

ချင်းရွှေဟော်     ဇွန်   ၂၅

ချင်းရွှေဟော်မြို့၊   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  (Book Club) တို့ပူးပေါင်းပြီး ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းဆွေးနွေးပွဲကို   တက္ကသိုလ် စိန်မြင့်ထွန်း ရေးသားသည့် “ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး သင်ခန်းစာလက်စွဲ စာအုပ်ဖြင့်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ  ယမန်နေ့နံနက် (၁၀)နာရီအချိန် က ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ   စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ချင်းရွှေဟော်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မှ   ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်သန့် က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကိုပြောကြားပြီး Book Club အသင်းအဖွဲ့ဝင်များ ဖြစ်ကြသည့်  ဒေါ်အေးမြတ်မွန် က  မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော စိတ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်း၊ လူမှုရေး၊ ကျန်းမာရေးပိုင်းဆိုင်ရာ ထိခိုက်မှု ဆိုးကျိုးများကိုလည်းကောင်း၊ ဒေါ်နိုင်နိုင်မော် က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူ၊ လူငယ်များမှ   စိတ်ပါဝင်စားစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)