ဒလမြို့နယ်၌ မိုးတွင်းကာလ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ရှင်းလင်း

ရန်ကုန် ဇွန် ၂၅

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံအဖွဲ့၏ လမ်းညွှန်မှု ဖြင့် ရန်ကုန်တောင်ပိုင်း ခရိုင် ဒလမြို့နယ်အတွင်းရှိ ဒလ-တွံတေးကားလမ်းမကြီးဘေး ဝဲ/ယာ တစ်လျှောက် ရေစီးရေလာ ကောင်းမွန်စေရေးအတွက်  ရေနုတ်မြောင်း များ တူးဖော်ရှင်းလင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ  WA ဝန်ထမ်းများ၊ မြို့နယ်သန့်ရှင်းရေး ဝန်ထမ်း များ၊ မြောင်းရှင်း လုပ်သားများ ပူးပေါင်း၍ ဒလ-တွံတေးကားလမ်းကြီးဘေး ဗိုလ်ရန်ပြေ ရပ်ကွက်အတွင်းရှိ  ရေနုတ် မြောင်းများ တူးဖော်ခြင်း၊ အမှိုက်များ၊ နုံးများ ဆယ်ယူရှင်းလင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့အတူ မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း ပိတ်ဆို့မြောင်းများ တူးဖော်ခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး အမှိုက်များ၊ နုံးများ ဆယ်ယူရှင်းလင်းလုပ်ငန်းများကို ဆက်လက်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဒလမြို့နယ်သည် ရန်ကုန်မြစ်၊ ပင်လယ်ဝတို့နှင့် ထိစပ်လျက်ရှိခြင်းကြောင့် မိုးတွင်းကာလ၌ မြေနိမ့်ပိုင်း ရပ်ကွက်များ၊ မြစ်ချောင်းဘေး ရပ်ကွက်များနှင့် ရေစီးရေလာမကောင်းသော ရပ်ကွက်များတွင် ရေဝင်ရောက်မှုများ နှစ်စဉ်ကြုံတွေ့ လျက်ရှိရာ  မြို့တွင်းရှိ ရေနုတ်မြောင်းများ အား ကွန်ကရစ်အုတ်ရေမြောင်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ပါက ရေစီးရေလာ ကောင်းမွန်သွားမည်ဖြစ်ကာ  ရေဝင်ရောက်မှု လျော့နည်း သက်သွားမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ အနေဖြင့် စွန့်ပစ်အမှိုက်များကို လမ်းဘေးမြောင်းများအတွင်းသို့ မစွန့်ပစ်ဘဲ စည်းကမ်းရှိစွာဖြင့် စနစ်တကျ စွန့်ပစ်ကျဖို့ လိုအပ်ကြောင်း မြို့ပေါ်ရပ်ကွက်နေပြည်သူတစ်ဦးက ပြောကြားခဲ့သည်။

နိုင်လင်းကျော်