၂၀၂၀-၂၀၂၁ ခုနှစ် တတိယအကြိမ် တင်ဒါပိုက်ချက် ၆၆ ချက်အား အိပ်ဖွင့်တင်ဒါစနစ်ဖြင့် သုံးခွမြို့နယ်၌ ရောင်းချ

သုံးခွ ဇွန် ၂၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ၂၀၂၀-၂၀၂၁ ခုနှစ် တတိယ အကြိမ် တင်ဒါပိုက်ချက်များအား ဒေသခံရေလုပ်သားများသို့ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်တောင်ပိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး  ဦးအေးနိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး သုံးခွမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးမျိုးတင့်က တင်ဒါ စည်းကမ်းချက်များအား ဖတ်ကြားရှင်းလင်း‌ပြောကြားရာတွင် "တင်ဒါဝယ်ယူမည့် သူသည် အမှန်တကယ်‌ ရေလုပ်ငန်းလုပ်ကိုင်ကြောင်း အထောက်အထားပါရှိရမည်ဖြစ်ကြောင်း ထုတ်‌ပေးထားသည့် တင်ဒါလိုင်စင်နှင့် လုပ်ပိုင်ခွင့်သည် (၁)နှစ်အတွက်သာ ဖြစ်ပြီး ကျ‌ရောက်ဆဲ မြန်မာသက္ကရာဇ်နှစ်ကုန် အထိသာ  တရားဝင်အတည်ဖြစ်‌‌ကြောင်း၊ တင်ဒါဆွဲဝယ်သူသည် တင်ဒါဆွဲဝယ်ရာတွင်  ဆွဲဝယ်ခွင့်လက်မှတ်နှင့် နိုင်ငံသာစိစစ်‌ရေးကတ်ပြားကို ထုတ်ပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တင်ဒါပိုက်ချက်ရောင်းချရာတွင် ကျေးရွာအုပ်စု (၆၄)အုပ်စုရှိသည့် အနက်(၂၄)အုပ်စုနှင့် အမှတ် (၂)ရပ်ကွက်၊ အမှတ် (၅)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက် ရှိဒေသခံရေလုပ်သား (၆၆)ဦး တက်ရောက်ခဲ့ပြီး တင်ဒါပိုက်ချက် (၆၆)ချက်အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ ကြောင်း သိရသည်။