မြဝတီ ဇွန် ၂၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မယ်ထော်သလေးကျေးရွာတွင် မြဝတီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသည့် လက်တူးရေတွင်းပြီးစီးမှု အခြေအနေကို မြဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနေဝင်း၊ မြို့နယ်ဦးစီးမှူး ဦးငွေစိုးနှင့်တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ အဲ့ဒီရွာမှာ ရေရှားမှုတွေ ဖြစ်တာပေါ့နော်၊ လက်တူးရေတွင်းအချို့ရှိပေမယ့်လည်း ရေထွက်အားနည်းတယ်၊ ရေခမ်းလွယ်တာတွေပဲရှိနေတာပါ၊ ဒါကြောင့်မို့လို့ ကျွန်တော်တို့ဌာနအနေနဲ့ ရေထွက်အားကောင်းမယ့် မြေနေရာကို ရွေးချယ်ပြီး အခုလို လက်တူးတွင်း ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်”ဟု မြဝတီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငွေစိုး က ပြောသည်။
အဆိုပါ လက်တူးရေတွင်း ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည့်အတွက် ကျေးရွာရှိပြည်သူများ သောက်သုံးရေ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ယခုကဲ့သို့ လက်တူးရေတွင်း ပြီးစီးသွားသည့်အတွက် ကျေးရွာပြည်သူများအနေဖြင့် သောက်သုံးရေရှားပါးမှု အခက်အခဲ မရှိတော့သည့်အတွက် များစွာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ထိန်လင်းအောင်