လယ်ဝေးမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကျင်းပ

လယ်ဝေး  ဇွန် ၂၅

၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့နံနက်(၁၀) နာရီ က “မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး Talk Show” ကျင်းပသည်။

အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စာရေးဆရာခိုင်မင်း (နေပြည်တော်)တို့က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအကြောင်း၊ လူငယ်လူရွယ်များကြား စိတ်ကြွရူးသွပ်ဆေးပြားများအား သုံးစွဲနေသည့်အပြင် ကော်ရှုခြင်းများနှင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများအကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါး၏ သားကောင်ဘဝသို့ မရောက်ကြရအောင် ရှောင်ကြဉ်နေထိုင်သင့်သည့် အသိပညာပေးအကြောင်းအရာများကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့သည်။

မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show အပြည့်အစုံကို We Love Leiway Page မှ ထုတ်လွှင့်သွားမည်ဖြစ်ပြီး လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး Talk Show များ၊ စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ အရုပ်ခေါက်ခြင်း၊ ဆေးရောင်လှလှခြယ်ကြမယ်၊ သုတစုံစွာဤမြေကမ္ဘာ စသည့်အစီအစဉ်များကို We Love Leiway Page နှင့် လယ်ဝေးမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် Pageများမှ ထုတ်လွှင့်တင်ဆက် ပေးလျှက်ရှိကြောင်း သိရသည်။

ဝေကြည်စန်းအောင်(ပြန်/ဆက်)