မြင်းခြံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မြင်းခြံ   ဇွန်  ၂၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ၊မြင်းခြံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြင်းခြံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်ဝင်းစိန်က မြင်းခြံမြို့နယ်၏ အဝင်အထွက်လမ်းမကြီးများ အထူးစိစစ်ကြပ်မတ်ဆောင်ရွက်ရေး၊ စိုက်ပျိုး ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရေအရင်းအမြစ်အသုံးချရေးဌာနမှ  ဆောင်ရွက်ပေးရမည့်လုပ်ငန်းများ၊ ဌာနဆိုင်ရာများ မြို့နယ်အတွင်း နယ်လှည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးလိုအပ်ပါက တင်ပြတောင်းခံနိုင်ရန်၊ ပန်းခင်းစီမံချက်ကို ဌာန ဆိုင်ရာများမှလည်း ပူးပေါင်းကာ အောင်မြင်စွာ ဆောင်ရွက်ကြရေး၊ Covid-19 ကူးစက်မှု လျော့ကျစေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများနှင့် မိုးရာသီတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါအတွက် ကြိုတင်ကာကွယ်ရေး အစီအစဉ်များ အစရှိသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။

 ထို့နောက် သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများက ပြန်လည်ရှင်းလင်း ဆွေးနွေး ခဲ့ကြသည်။အစည်းအဝေးသို့ မြင်းခြံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌ကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်မင်း(မြင်းခြံ)