သံတောင်ကြီး ဇွန် ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်းဖြင့် ကျေးရွာ(၂၁)ရွာအား နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်သိန်းတစ်ရာဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဌက်ပျောတောကျေးရွာအုပ်စု၊ ဗဟုန်းကျေးရွာတွင် ရေကန်တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း က ဗဟုန်းကျေးရွာဘုရားကျောင်း ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်း က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်းဆောင်ရွက်ရာတွင် ကျေးလက် နေပြည်သူများကိုယ်တိုင် ကျေးရွာ၏ပကတိလိုအပ်ချက်ကို ဖော်ထုတ်ပြီး ဦးစားပေးရွေးချယ်၍ စီမံချက်များရေးဆွဲစေခြင်း၊ ဦးစားပေးစီမံချက်များအပေါ် အခြေခံ၍ နှစ်စဉ်ရန်ပုံငွေ လျာထား အကောင်အထည်ဖော်ပြီး ကျေးရွာ၏အဆိုပြုစီမံချက်များကို မြို့နယ်ရှိဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျေးရွာကော်မတီထံ လွှဲပြောင်းလက်ခံခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။
အဆိုပါ ဗဟုန်းကျေးရွာတွင် ဒေသခံပြည်သူများမှ ရေရှားပါးမှုမဖြစ်စေရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိစေရန် ရေကန်တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP)စီမံကိန်း ကျပ်သိန်းတစ်ရာနှင့် ဒေသခံပြည်သူများ၏ လုပ်အားဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)