ဒဂုံအရှေ့ ဇွန် ၂၅
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးသူက ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများ တွေ့ရှိနေရပါ၍ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ၊ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များမှ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ လုပ်ငန်းများကျယ်ကျယ်ပြန့်ပြန်ဆောင်ရွက်ရန်၊ လုပ်ငန်းတာဝန်များကို သီးခြားတာဝန်ခွဲဝေသတ်မှတ်ပြီး နှောင့်နှေးကြန့်ကြာမှုမရှိအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ သံသယရှိသူများအား ထားရှိရန် သူနာပြုတက္ကသိုလ်သင်တန်းကျောင်းတွင် ပြင်ဆင်ထားရှိကြောင်း ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာလဲ့လဲ့ဝင်းကဆွေးနွေးရာတွင် ကိုဗစ်-၁၉ တွေ့ရှိသူလူနာများပြားလာပါက Quarantine-Centre ဖွင့်လှစ်ရန်လိုအပ်ကြောင်း၊ ရပ်ကွက်များရှိ ကိုဗစ်ကော်မတီကို အသက်ပြန်ဝင်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များကို ဆွေးနွေးပြောကြားခဲ့ပြီး တာဝန်ရှိသူများက ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးမဥ္ဇူ